MNP - ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၏ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်းဖွင့်လှစ်သည့် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်းထွက်ရှိသော သီးနှံများကို အခြေခံသည့် စားသောက်ကုန်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ One Village One Product အဖြစ်ထုတ် ကုန်အသစ်များပေါ်ထွက်လာစေရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက် အသီးအနှံများအား တန်ဖိုးမြှင့်စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေ/ညွှန်ကြားချက်များကို သိရှိလာစေရန်၊ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြစ်ဖွင့် လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် Butter Cake၊ ကွတ်ကီး၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ ပူတင်း၊ ကျောက်ကျော၊ Plane Cake၊ သီးစုံကိတ်၊ ပေါင်မုန့်၊ ကိတ်ခြောက်နှင့် Pizza စတဲ့မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုလိုစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအပြင် လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည်နည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံလျှပ်စစ် သံဂဟေဆက်သင်တန်း၊ ရက်ကန်းကာလတိုသင်တန်း၊ သဘာဝဆိုးဆေးသင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း များကို စဉ်ဆက်မပြတတ်ဖွင့်လှစ် ပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသအမျိုးသမီးရေးရာဖွဲ့အား မုန့်ဖုတ်စက်ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၏ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့်အဖွဲ့ဝင် ဒေါ်နန်းစံခမ်းတို့က အလှူငွေများကိုလည်းကောင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်နန်းလှမေတို့က သင်တန်းသားသုံးကုန်ကြမ်းပစ္စည်း များကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၂၂ နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နေမင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment