MNP - ဇူလိုင် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်ရှိ ပဒုမ္မာလမ်းအား လမ်းသားချဲ့ထွင်ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို မိုးနဲမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ရာ လုပ်ငန်းများပြီးစီးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လမ်းပုခုံးများအား သတ်မှတ်စံနှုန်းများနှင့်အညီ အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် ရေနုတ်မြောင်းအဖုံးများအား သက်ဆိုင်ရာ ပြည်သူများနှင့်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းကို မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေများအနက် လမ်းဘေး (ဝဲ/ယာ) ၂ ပေစီတိုးချဲ့ခြင်း၊ လမ်းအရှည်ပေ ၃၀၀ ၊ အကျယ် ၁၆ ပေ၊ ဒု ၃ လက္မ တိုးချဲ့ကတ္တရာထပ်ပိုးလွှာခင်းခြင်း (ကျပ် ၇ ဒသမ ၂ သန်း)ဖြင့်လည်းကောင်း၊ လမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်း အရှည်ပေ ၃၀၀ စီ၊ အကျယ် ၂ ပေ ၊အနက် ၂ ပေ တူးဖော်ခြင်း (ကျပ် ၇ ဒသမ ၄ သန်း)ဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - မျိုးညွန့်ရွှေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment