MNP - ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျတ်တန်းကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းနံဘေးရှိလူနေအိမ်တစ်ချို့ ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျတ်တန်းကုန်းကျေးရွာတွင် အိမ်ခြေ(၁၈၀)အိမ်၊ အိမ်ထောင်စု(၁၉၂)စုနှင့် လူဦးရေ(၈၀၀)ဦးရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများကြောင့် ရေဘေးအန္တရာယ်စိုးရိမ်ရသဖြင့် မြစ်ကမ်းနံဘေးရှိ အိမ်ထောင်စု(၉)စု၊ မိသားစုဝင်(၃၁)ဦးတို့၏ နေအိမ်များအား ဘေးလွတ်ရာသို့ ဇူလိုင်လ ၂၀ ရက်မွန်းလွဲ ၃ နာရီအချိန်ကစတင်ပြီး ပြောင်းရွှေ့နေထိုင်ရကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ကျေးရွာဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထိုသို့ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံလူမှုရေး အဖွဲ့အစည်းများ စုပေါင်း၍ ဘေးလွတ်ရာမြေနေရာ အသီးသီးများသို့ ကူညီပြောင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြောင်းရွှေ့နေထိုင်ကြသည့်အိမ်ထောင် စု(၉)စုအတွက် ငွေကျပ် ၉ သိန်းနှင့် ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေကျပ်(၂၁၀၀)နှုန်းဖြင့် လူဦးရေ(၃၁)ဦးတို့အတွက် ငွေကျပ်(၆၅၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံက သိရသည်။
အလားတူ ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နုံးပို့ကျေးရွာတွင် အိမ်ခြေ(၃၉)အိမ်ရှိသည့်အနက် ဧရာဝတီမြစ်ရေ တိုက်စားမှုတို့ကြောင့် မြစ်ကမ်းနံဘေးရှိလူနေအိမ်(၁၃)လုံးအား ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းနေထိုင်ကြကြောင်း၊ ကျေးရွာအတွင်းမြစ်ရေဝင်ရောက်မှုများရှိပြီး မြစ်ရေပိုမိုမြင့်တက်လာနိုင်သောကြောင့် မြစ်ကမ်းပါးနှင့်အလှမ်းဝေးကွာသည့် လူနေအိမ်များကိုလည်း ရွှေ့ပြောင်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဘာမီသာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment