MNP - ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သောကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၆/၂၀၂၂) အဆင့်မြင့် ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၂)နှင့် လက်တွေ့အသုံးချကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ e-Government ကော်မတီဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာအချင်းချင်း အပြန်အလှန် ဆက်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများအား ထိန်းကျောင်းရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် နည်းပညာ အခြေခံအဆောက်အအုံ (Digital Infrastructure)၊ လုံခြုံမှုရှိသော သီးခြားကွန်ရက်ချိတ်ဆက်မှု (Private Network)နှင့် လုပ်ငန်းလည်ပတ်ရန် ကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်းအမြစ် (Skilled HR) များ ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး Digital Government/e-Government တစ်ရပ်ဖြစ်လာရေး အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနှင့် e-Government စနစ်အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီကို စနစ်တကျ ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ တိုင်းဒေသကြီး အဆင့်အစိုးရ ဌာနဆိုင်ရာ များအားလုံး e-Government စနစ်တွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသားများအား ဖိတ်ခေါ်၍ e-Government သင်တန်းများအား ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ ဆပ်ကော်မတီ (၅) ခုအနက် တစ်ခုဖြစ်တဲ့ ဒီဂျစ်တယ်အသိပညာ ဖွံ့ဖြိုးရေးဆပ်ကော်မတီမှ ကြီးမှူးကာ Government Training Center (အိမ်နီတော် အဆောက်အဦ)မှာ ကွန်ပျူတာ နည်းပညာဆိုင်ရာ သင်တန်းများကို အဆက်မပြတ် ဖွင့်လှစ်သင်ကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများ အတွင်း ဝန်ထမ်းများရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ တစ်ဦးချင်းစီတိုင်းရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးများ ဖြစ်တည် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီးဆောင်ရွက်ပေးနေတာ ဖြစ်ပါကြောင်း၊ ယခုဆိုရင် ကွန်ပျူတာ အခြေခံကျွမ်းကျင်မှုသင်တန်း (၆)ကြိမ်ဖြင့် သင်တန်းသား (၂၀၀) ဦး၊ အဆင့်မြင့်ရုံးသုံး ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း (၂) ကြိမ်ဖြင့် သင်တန်းသား (၄၀)ဦး၊ လက်တွေ့အသုံးချ (အဆင့်မြင့်) ကျွမ်းကျင်သင်တန်း (၅) ကြိမ်ဖြင့် သင်တန်းသား (၁၀၀) ဦး စုစုပေါင်း သင်တန်းသား (၃၄၀) ဦးတို့ကို အောင်မြင်စွာခေါ်ယူ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရဌာနဆိုင်ရာများအတွက် ပြန်လည်အကျိုးပြုမယ့် သင်တန်းသား စုစုပေါင်း (၃၄၀) ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းအသီးသီး အောင်မြင်စွာသင်ကြားနိုင်ရန် ပံ့ပိုးကူညီပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နဲ့ ပြင်ပပညာရှင် သင်တန်းနည်းပြ ဆရာ/မ များ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ e-Government Training Center အနေနဲ့ ဌာနဆိုင်ရာအသီးသီးရဲ့ လိုအပ်ချက်များအလိုက် သက်ဆိုင်ရာ သင်ရိုးများကိုလည်း သင်ကြားရေး တာဝန်ခံများနှင့် ပေါင်းစပ်ပြီး သင့်တော်သလိုထပ်မံရေးဆွဲပြီး အစိုးရဌာနဆိုင်ရာများအတွက် သင်ကြားရေးနဲ့ ပြန်လည်အသုံးချရေး လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ သင်တန်းသားများအနေနဲ့ သင်တန်းအသီးသီးကနေ သင်ကြားတတ်မြောက်ခဲ့တဲ့ ကျွမ်းကျင်မှုများကို မိမိတို့ ဌာနဆိုင်ရာ အသီးသီးမှာ ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်အောင် နိုင်ငံအကျိုးကို ပညာရပ်နဲ့ ရွက်သယ်ပိုးနိုင်တဲ့ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားပြီးထပ်မံဖွင့်လှစ်မယ့်အဆင့်မြင့် သင်တန်းများကိုလည်း ဆက်လက်တက်ရောက်နိုင်အောင် ကြိုးစားကြပါလို့ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်တန်းနည်းပြ ဆရာ/ဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ သင်တန်းသူ၊ သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း- အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment