MNP - ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ ခင်တန်းလေးကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် NEP Phase-II အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့သော (100KVA)ထရန်စဖော်မာမှ အိမ်ခြေ(၆၅)အိမ်အတွက် အိမ်သုံးလျှပ်စစ်မီတာများဖြင့် လျှပ်စစ်ဓါတ်အားပေးနိုင်ပြီဖြစ်သောကြောင့် မီးလင်းရေးဖွင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးလင်းရေးဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဖြူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးအောင်မြင့်ကြည်က ကျေးရွာလျှပ်စစ် မီးရရှိရေးဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်မီးကို အန္တရာယ်ကင်းစွာ သုံးစွဲရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ကျေးရွာမီးလင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖြူးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခင်တန်းလေးကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် 33/11KV-20MVA ဓါတ်အားခွဲရုံမှ ဓါတ်အား ပို့လွှတ်ထားသော 11KV ခင်တန်းကြီးကျေးရွာထိပ်မှ Tap Off ယူ၍ ကျေးရွာကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် 400V လိုင်း ဆောင်ရွက်ခဲ့ရာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
သတင်း - နေမျိုးလွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment