ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့်စည်ကား



MNP - ဇူလိုင်  ၁၂


ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ညောင်ဦးမြို့၊ထီးလိုင်းလို ဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်လှဦးထံကသိရသည်။


ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် အခါကြီးရက်ကြီးမဟုတ်သည့် နေ့များတွင်ပင် ဘုရားဖူးများအမြဲလာရောက်လျှက်ရှိသည့်ဒေသဖြစ်ရာ အခါကြီးရက်ကြီးများနှင့် အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်များတွင် မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနှင့်သော်လည်းကောင်းလာရောက် ဘုရားဖူးလျက်ရှိကြရာ ဝါတွင်းကာလအတွင်း အဖိတ်၊ ဥပုဒ်နေ့များတွင် နံနက်  ၄ နာရီမှ ည ၉နာရီအထိဖွင့်လှစ်သွား မည်ဖြစ်ရာ ယနေ့ ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့ နံနက် ၄ နာရီ အချိန်မှစတင်ကာ မြန်မာပြည် အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ ရွှေစည်းခုံစွယ်တော်မြတ်စေတီကြီးသို့ ဆွမ်းကပ်ရန်နှင့် တရားထိုင်၊ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ကြရန် ရောက်ရှိနေကြကြောင်း ရွှေစည်းခုံဘုရား ရုံအဖွဲ့မှူး ဦးသန်းမြင့်ဦးမှရှင်းပြသည်။ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဂေါပက ထားရှိသည့် ဘုရား (၁၉)ဆူအား ဝါတွင်းကာလ၌ နံနက် ၅နာရီမှ ညနေ ၇နာရီအထိဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ဝါဆိုလပြည့်နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ လာရောက်သူ များပြားလျက်ရှိရာ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike၊ မီနီအိုးဝေ၊ အငှား လိုက်သူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များ၊ လက်ရေးပန်းချီဆွဲသူများ အလုပ်အကိုင်များကောင်းနေကြကာ ဟိုတယ်၊တည်းခိုးခန်းများတွင်လည်း ခရီးသွားဘုရားဖူးဝင် ရောက်မှုများပြားခဲ့ကြောင်းသိရသည်။


ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေး တစ်လျှောက်ဖွင့်လှစ်ထားရှိသည့် အညာရိုးရာထန်းတဲများတွင်လည်းဘုရားဖူးကားများ ပြည့်နေကြောင်း၊ ဘုရားဖူးလာဧည့်သည်များသည် သမိုင်းအထင်ကရဘုရားများသို့သာ သွားရောက်ဖူးမြှော်ကြသည်မဟုတ်ကြပဲ ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ သစ္စာဝတီဘုရား၊ ဝတ္တနထောဘုရားစု၊ ဆူးလေကုန်းဘုရား၊ ကျောက်မျက်မှော်ဘုရား၊ အရှေ့ဖက်လိပ် ဘုရား၊အနောက်ဖက်လိပ်ဘုရား၊ စိမ်းညက်ညီအစ်မဘုရား၊ သိကြားပုန်းဘုရား၊သကြား ဟစ်ဘုရား၊ ခြောက်ဘုရားလှ၊ နန်းဦး ဘုရား၊ နတ်လှောင်ကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဥပါဠိသိမ်၊ ရွှေလိပ်တူးဘုရားနှင့်လူသူအရောက်အပေါက်နဲသည့် ဘုရားများသို့ ပြည်တွင်းဧည့်လမ်းညွှန်များ ငှားရမ်းကာသွားရောက်၍ နံရံဆေးရေးပန်းချီလေ့လာခြင်း၊ ရှေးဟောင်းအင်္ဂတောပန်းများ လေ့လာခြင်း၊ များပြားလှသည့်ဘုရားများအား ပုံစံမတူတည်ဆောက်ပုံများလေ့လာကြကြောင်း ပြည်တွင်းဧည့်လမ်းညွှန် ဦးတင်လင်း အောင်ကရှင်းပြသည်။ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ဝါဆိုလပြည့်(ဓမ္မ စကြာ)နေ့တွင် ဘုရားဖူးတစ်သောင်းကျော်ဝင်ရောက်ခဲ့ကြောင်း ကျယ်ဝန်းပြီး ဘုရားစေတီ၊ ပုထိုးပေါများသည့် ပုဂံရှေးဟောင်းနယ်မြေတွင် နေရာတိုင်းဘုရားဖူးများရှိနေကြောင်း ပြည်တွင်းဧည့်လမ်းညွှန် ဦးမိုးအောင်ကပြောကြားသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)