အင်းတော်ကြီးဒေသ နန့်မွန်းမြို့ပေါ်ရပ်ကွက် လူနေအိမ်များအတွင်း ရေများဝင်ရောက်ပြီး မြေထိန်းနံရံ၊ တံတားများနှင့် လယ်များပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းတော်ကြီးဒေသ နန့်မွန်းမြို့ပေါ်ရပ်ကွက် လူနေအိမ်များအတွင်း ရေများဝင်ရောက်ပြီး မြေထိန်းနံရံ၊ တံတားများနှင့် လယ်များပျက်စီး

 



MNP - ဇူလိုင်   ၈


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဇူလိုင်(၈)ရက် နံနက်(၃) နာရီခန့်မှ စတင်၍ အထက်ဘက်မှ မိုးများသည်းထန်စွာရွာသွန်းပြီး ချောင်းရေကြီးမှုကြောင့် နန့်မွန်းမြို့ပေါ် ရပ်ကွက်များရှိ အနိမ့်ပိုင်း လူနေအိမ်များအတွင်း ရေများဝင်ရောက်၍ ကားလမ်းအချို့ နေရာများတွင် ရေကျော်လျက်ရှိပြီး မြေထိန်းနံရံ၊ တံတားများနှင့် လယ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ရေများဝင်ရောက်ခဲ့ရာတွင် နန့်မွန်းမြို့ပေါ်ရပ်ကွက် (၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ရှိ အနိမ့်ပိုင်းအတွင်း လူနေအိမ်များသို့ ရေအနက်(၁)ပေကျော် (၂)ပေခန့် ရေများဝင်ရောက်ပြီး၊ နန့်မွန်း-ဟိုပင်သွားကားလမ်းနှင့် နန့်မွန်း-အုန်းစံဆိုင်-ဘီလူးသွား ကားလမ်းအချို့နေရာများတွင် ရေများ ဖုံးလွှမ်းလျက်ရှိရာ နံနက်(၁၀)နာရီ (၁၅)မိနစ်ခန့်တွင် ရေများတဖြေးဖြေး ပြန်လည်ကျဆင်း လာခဲ့ကြောင်း၊ ထိုရေကြီးရေလျှံခဲ့မှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။


ထိုသို့ ရေများဝင်ရောက်ခဲ့မှုကြောင့် နန့်မွန်းမြို့၊ ရပ်ကွက်(၁)တွင် တိုက်ကုန်းရပ်နှင့် နတ်ကြီးကုန်းရပ်သို့ ဆက်သွယ်ထားသည့် တံတားအရှည်ပေ(၃၀)၊ အကျယ်(၁၅)ပေ ကိုယ်ထူကိုယ်ထ ပျဉ်တံတား မျောပါပျက်စီးခြင်း၊ နန့်တဲဘုန်းကြီးကျောင်းသို့သွားသည့် လမ်မပေါ်ရှိ အရှည်ပေ(၄၀)၊ အကျယ်(၁၅)ပေ ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတား ကျိုးကျပျက်စီးခြင်း၊ ရပ်ကွက်(၂)တွင် လယ်ပုံတန်း-ထောပတ်ကုန်းသွား ကားလမ်းတွင် အရှည်ပေ(၆၀၀)၊ အကျယ်ပေ(၄၀) ကျောက်ချော လမ်းရေတိုက်စားပျက်စီးခြင်း၊ လယ်ပုံတန်း-အနောက်ပိုင်းသွားကားလမ်းတွင် အရှည်ပေ(၁၀၀)၊ အကျယ်(၁၈)ပေ ကျောက်ချောလမ်း ရေတိုက်စားပျက်စီးခြင်း၊ ဦးထွန်းအောင်နေအိမ်၌ ရှေ့မျက်နှာစာ အောက်ခံအုတ်ခုံ၊ သွပ်ကာခြံစည်းရိုးတွင် ပေ(၅၀)ခန့်ပျက်စီးခဲ့ခြင်းနှင့် ရပ်ကွက်(၃)တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်မြစ်ချောင်းဖြိုးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၅၀၀)ဖြင့် မြယုကုဋေ ကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည့် မြေထိန်းနံရံမှာ ပေ(၅၀)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


ထို့အတူ မိုင်းနောင်ကျေးရွာတွင် လယ်ယာမြေလုပ်ကိုင်ကြသည့် တောင်သူ(၉)ဦး၏ စိုက်ပျိုး လယ်ယာမြေဧက (၁၀၀)နီးပါးခန့် ရေများဖုံးလွှမ်းပျက်စီးခဲ့ကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)