ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးထောက်ပံ့

 




MNP - ဇူလိုင်  ၁၁


၂၀၁၉-၂၀၂၀ ၊ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များအတွက် မြစ်ကြီးနားတက္ကသိုလ်၌ ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များတွင် နေထိုင်၍ ပညာသင်ကြားလျက်ရှိသော အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။


တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို တက္ကသိုလ်တွင် ပညာရပ်အသီးသီးကို သင်ယူ ဆည်းပူးနေစဉ် ကာလအတွင်း ကျောင်းဆောင်တွင် အတူနေထိုင်ခွင့်ရရှိပြီး အသိပညာ၊ အတတ်ပညာ အလိမ္မာများ တိုးပွား အောင် တစ်ဦးနှင့် တစ်ဦး ဖေးမကူညီပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် ပြည်နယ်နှင့် နိုင်ငံ၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက် ကြသည့်အခါတွင်လည်း အဆောင်နေဘဝက ရရှိခဲ့သည့် တစ်ဦးကို တစ်ဦး စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ချစ်ကြည် ရင်းနှီးမှု၊ အတွေ့အကြုံများကို အသုံးချတတ်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပြီး မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက အားပေးအမှာစကားပြောကြားသည်။


ဆက်လက်၍ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကျောင်းသား၊ ကျောင်းသူများအား လမ်းညွှန် အမှာစကား ပြောကြားပြီး တက္ကသိုလ်‌ကျောင်းသားဟောင်းတစ်ဦးက မိတ်ဆက်စကား ပြောကြားကာ ပညာသင် နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများက အချင်းချင်းကြိုဆို နှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားများ အပြန်အလှန်ပြောကြားခဲ့ကြသည်။


ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်၊ ဖုန်ဂန်ရာဇီ၊ ဆဒုံးဘွမ်မောင်နှမဆောင်များနေ ကျောင်းသား၊ ကျောင်းသူများအတွက် မတည်ရန်ပုံငွေအဖြစ် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၁၅ သိန်းနှင့် တိုင်းမှူးက ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဘူမိဗေဒပါမောက္ခ ဒေါက်တာ တင်ဇော်ဦးက ဖူဆယ်နှင့် ပိုက်ကျော်ခြင်း အားကစားထူးချွန်ဆုရ ကျောင်းသားနှင့် ဓာတုဗေဒ တွဲဘက် ပါမောက္ခ ဒေါ်ခင်မလတ်က ကြက်တောင်နှင့် ဖူဆယ်အမျိုးသမီး အားကစားထူးချွန်ဆုရ ကျောင်းသူများအား ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး မောင်နှမဆောင်များနေ ကျောင်းသား၊ ကျောင်းသူများ၏ မိတ်ဆုံညစာအား အတူတကွ သုံး‌ဆောင်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)