ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေဗီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက် ဖူလုံလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေဗီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက် ဖူလုံလာ



MNP - ဇူလိုင်   ၁၀


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေဗီယာမြက် စိုက်ပျိုးခြင်းများအား ယာခင်းခြံစည်းရိုးတလျှောက်၊ ငှက်ပျောခြံ ခြံစည်းရိုးနှင့် နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးထားကြပြီး နေဗီယာမြက်များ အောင်မြင်ဖြစ်ထွန်းကာ နွားစာ အတွက် ဖူလုံမှုရှိလာကြောင်း နတ်ကျို့အိုင်ကျေးရွာ တောင်သူ ဦးတင်ဝင်းထံက သိရသည်။


တိရစ္ဆာန်အစာ နေဗီယာမြက်သည် ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ အအေးဓာတ်  လွန်ကဲခြင်းများကို ဒဏ်ခံနိုင်သည့် မြက်မျိုးဖြစ်ကာ စတင်စိုက်ပျိုးချိန် ရှင်သန်အောင် ရေအနည်းငယ် လောင်းစိုက်ပျိုးဖို့သာလိုကြောင်း၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ အနေဖြင့် နေဗီယာမြက်အား သီးခြားစိုက်ပျိုးမှုမလုပ်ပဲ ယာခင်း၊ လယ်တော၊ အိမ်ခြံ ခြံစည်းရိုးစပ်တစ်လျှောက် စိုက်ပျိုးထားခြင်းဖြင့် နေဗီယာမြက်အတွက် မြေနေရာသပ်သပ် မပေးရတော့ပဲ မူလသီးနှံများ စိုက်ပျိုးရခြင်းဖြင့် တောင်သူများအဆင်ပြေကြကြောင်း သစ် ထောင့်ကျွန်းကျေးရွာ တောင်သူ ဦးအေးကိုက ရှင်းပြသည်။


နေဗီယာမြက်သည် အပင်အဖြစ်မြန်အဖြစ်သန်ပြီး နေဗီယာမြက်ပင် ပင်စည်ရိုးအား မျက်ကွင်းအဆစ်များ နှစ်နေရာ သို့မဟုတ် တစ်နေရာဖြတ်ပြီး မြေကြီးထဲထိုးစိုက် ထားရကြောင်း၊ နေဗီယာမြက် တဆစ်စိုက်ထားလျှင် သားတက်အပွား ၅၀ မှ ၇၀အထိ သားတက်များ ဝေဝေဆာဆာ ထွက်လာကြောင်း၊ နေဗီယာမြက်ပင်အမြင့် ၁၀ ပေမှ ၁၇ ပေ ထိမြင့်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုမှ ရှင်းပြသည်။ နေဗီယာမြက်ကို ဝက်၊ ဆိတ်၊ ဆင် ၊နွားနှင့် ကြိတ်၍လည်း ဘဲစာ၊ ကြက်စာအဖြစ် ကျွေးရပြီး ရေနေသတ္တဝါများလည်း နေဗီယာမြက်ကို စားသုံးကြကြောင်း၊ နေဗီယာ မြက်စားသုံးသည့် တိရစ္ဆာန်များ အသားဓာတ်ကြွယ်ဝခြင်းနှင့် အာဟာရဓာတ်ကြွယ်ဝခြင်း များပြီး အပင်အဖြစ်မြန်၊ စိုက်ပျိုး၍လွယ်ကူခြင်းများက ကျေးလက်တောင်သူများအတွက် နေဗီယာမြက် ပိုမိုစိုက်ပျိုးလာကြကြောင်း၊ ယာမြေ၊ ကိုင်းမြေ၊ ခြံစည်းရိုးများတွင် နေဗီယာ မြက်စိုက်ပျိုးခြင်းများက ယာထဲ၊ ကိုင်းထဲ စိုက်ပျိုးမည့် သီးနှံစိုက်ခင်းများကိုလည်း ရောဂါ ပိုးကျရောက်မှု ကာကွယ်ပေးနိုင်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံ ဦးမျိုးမင်းကိုက ထပ်မံရှင်းပြ၍သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)