အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၀-၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၀-၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP ၊ ဇူလိုင် ၁၅

ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ နှစ်ပတ်လည် အစည်းအဝေး (Annual TB Evaluation Meeting) (၂၀၂၀-၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြည်တွင်း/ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအား အမျိုးသားမဟာဗျူဟာစီမံကိန်း ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားမဟာဗျူဟာ ပန်းတိုင်ဖြစ်သည့် “၂၀၃၅ ခုနှစ်တွင် လူဦးရေတစ်သိန်းတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်း (၁၀)ဦးအောက် လျော့နည်းစေရေး” ဟူသည့် ရည်မှန်းချက်ကို ပြည့်မီအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ပတ်လည် အစည်းအဝေးတွင် မိမိတို့တွေ့ကြုံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာကဏ္ဍအလိုက် အားနည်းချက်၊ အားသာချက်များကို အခြေခံ၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး ဖြစ်နိုင်ခြေရှိသော လုပ်ငန်းစဉ်များ ချမှတ်ရန်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ဟန်ချက်ညီညီ လက်တွဲပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် လူတိုင်း လက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန်၊ (၂၀၃၀) ခုနှစ်တွင် မျှော်မှန်းထားသော ရည်မှန်းချက်များ ရရှိအောင် ‌အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် စီမံချက်မန်နေဂျာ ဒေါက်တာသန်းသန်းလွင်မှ တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများမှ (၂၀၂၁)ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။


အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့များမှ တာဝန်ခံဆရာဝန်များနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းလူမှုရေး အသင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်းနှင့် အစည်းအဝေးကို (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)