MNP - ဇူလိုင် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ဒေသထွက်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးထားရှိပြီးတခြားဒေသများသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသနေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။
ပင်းတယမြို့နယ်အနီး ကျေးရွာများဖြစ်သည့် တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုး၊ ပွေးလှ၊ ပွေးပြတ်၊ တောင်ပေါ်ကြီး၊ ပန်းစစ်၊စသည့် ကျေးရွာများတွင် ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။ တော၊ တောင် ယာမြေ များတွင်သာမက၊ မိမိတို့ အိမ်ခြံမြေ အတွင်းမြေလွတ် များတွင်ပါ အများအပြားစိုက်ပျိုးကြသည်။ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် အနည်းဆုံး ကျပ်ငွေ ၃၀၀ မှ ၅၀၀ ကျပ်အထိ ဈေးနှုန်းရှိပြီး ဈေးနှုန်းအတက်အကျ ရှိကြောင်း၊ အဓိက ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်းနှင့် ၊ စိုက်ခင်းပြတ်ဈေးဖြင့်လည်း ကုန်သည်ပွဲစားများက အခင်းထဲသို့ လာရောက်ဝယ်ယူကြကြောင်း၊ ရေချမ်းစင်ကျေးရွာ ပန်းဂေါ်ဖီ စိုက်ပျိုးသူတစ်ဦးထံမှသိရသည်။
ပန်းဂေါ်ဖီများ စိုက်ပျိုးရာတွင် မြေတစ်ဧကတွင် အပင်ရေ(၁၀၀၀၀)မှ (၁၂၀၀၀) အထိ စိုက်ပျိုးနိုင်ပြီး၊ ရင်းနှီးငွေကျပ်ဆယ်သိန်းဝန်းကျင် ကုန်ကျခံစိုက်ပျိုးရကြောင်း၊ ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ငွေကျပ်၂၀၀မှ ၃၀၀ကျပ်ခန့် ဈေးနှူန်းဖြင့် ကုန်သည်ပွဲစားများနှင့် ချိတ်ဆက်၍ မှာယူသည့် မြို့နယ်ကုန်စိမ်းဈေးများအထိ ဖောက်သည်တင်ပို့ရောင်းချပေးရကြောင်း သိရသည်။
စိုက်ပျိုးရေးအခြေခံဖြစ်ထွန်းအောင်မြင်မှသာ ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်မည်ဖြစ်၍ ထိုမှတဆင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကောင်းလျှင် စီးပွားရေးဖွံဖြိုးတိုးတက်မည်ဆိုသကဲ့သို့ပင် ပင်းတယမြို့နယ်အနီး ကျေးရွာများသည် သီးနှံမျိုးစုံ စိုက်ခင်းများ ဧကအများအပြား စိုက်ပျိုး ထုတ်လုပ်ရောင်းချခြင်းဖြင့် အိမ်တွင်းမိသားစုစားဝတ်နေရေးပြေလည်ကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမှထွက်ရှိသော ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များအား အောင်ပန်းပွဲရုံမှ ရန်ကုန်မြို့သို့လည်းကောင်း၊ ရွာငံ၊ ဟန်မြင့်မို၊ ကျောက်ဆည်လမ်းမှတဆင့် မန္တလေးမြို့ပွဲရုံများသို့ လည်းကောင်း၊ ထိုမှတဖန်မြန်မာပြည်အနှံ့ နယ်မြို့များသို့ ဖောက်သည်တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။
သတင်း - အေးအေးလတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment