လျာထားချက်ထက် ကျော်လွန်ပေါက်ဖွားခဲ့သည့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျာထားချက်ထက် ကျော်လွန်ပေါက်ဖွားခဲ့သည့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်များ



MNP - ဇူလိုင်   ၃


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ရှိသစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူ ထားရှိကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုး စိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေခြင်းကြောင့် မျိုးဆက်မ ပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ဖွားလာစေရန်၊ တိုးပွားလာသော သားပေါက်များကို ၎င်းတို့နေရင်းဒေသများသို့ ပြန်လွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ကြယ်လိပ်ပညာရှင်များသုတေသနပြုနိုင်ရန်နှင့် အများပြည်သူများ အနီးကပ်လေ့လာကြည့်ရှုနိုင်စေရန်တို့အတွက် ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်မှ ရှင်းပြသည်။


ကြယ်လိပ်များ မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူပေါက်ဖွားလာစေသည့် ရည် ရွယ်ချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် ကြယ်လိပ်အထီး (၄၂)ကောင်၊ အမ(၄၀)ကောင်၊စုစုပေါင်း (၈၂)ကောင်ကို ၂၀၀၁ ခုနှစ်တွင် စတင်မွေးမြူခဲ့ကြောင်း၊ မွေးမြူစဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာပေါက်ဖွားနှုန်းရှိခဲ့သော်လည်း ယခုအခါနှစ်စဉ် ထောင်နှင့်ချီပေါက်ဖွားလာနေပြီဖြစ်ကြောင်း ယခင်နှစ်က ကြယ်လိပ်သားပေါက် (၁၃၅၀) ကောင် ပေါက်ဖွားခဲ့သော်လည်း၊ ယခု ၂၀၂၂ ခုနှစ်တွင် (၁၅၇၆) ကောင်ပေါက်ဖွားခဲ့ကြောင်း၊ ပေါက်ဖွားနှုန်း ၅၅ ရာခိုင်နှုန်းနှင့် (၂၆၆)ကောင်ပိုမို ပေါက်ဖွား လာသည့်နှစ်ဖြစ်ကြောင်း ဦးရွှေဌေးအောင်မှ ရှင်းပြသည်။


အရွယ်ရောက် ကြယ်လိပ်မ ၁၅၅ ကောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ မှ ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့အထိ ဥကျင်း (၄၃၆)ကျင်း၌ ကြယ်လိပ်ဥလုံးရေ ၂၈၉၉ လုံးဥထားခဲ့ကြောင်း၊ ဥဥရာတွင် မြေကြီးအတွင်းနက် ၆ လက်မခန့်နှင့် ဥကျင်းအကျယ် ၄ လက်မခန့်ကျင်းများထဲတွင် ဥချခဲ့ကြောင်း၊ ဥကျင်းများထဲတွင် ၃ လမှ ၉ လအထိကြာမြင့် တတ်သည့်အတွက် နေရာပျောက်မသွားစေရန် ဥကျင်းနှင့် ၈ လက်မအကွာလောက်တွင် မှတ်တိုင်စိုက်ထူ၍ ထားရကြောင်း၊ ယင်းမှတ်တိုင်တွင် လိပ်မအမှတ်၊ ဥဥသည့်ရက်စွဲ၊ ဥအလုံးအရေအတွက်၊ အကြိမ်ရေ၊ လိပ်ကျင်းတည်နေရာပြမျှားတို့ကို စိုက်ထူဖော်ပြထား ကြောင်း၊ အဆိုပါဥကျင်းများအနက် ၂၀၂၁ ခုနှစ် အောက်တိုဘာရက်နေ့တွင် ကြယ်လိပ်မ အမှတ်(၂၅၃)ဥထားသော ဥကျင်းမှ ဥ(၆)လုံးသည် ၂၀၂၂ ခုနှစ် မေ ၁၈ ရက်နေ့တွင် ကြယ်လိပ်ငယ်ခြောက်ကောင် စတင်ပေါက်ဖွားခဲ့ပြီး လောကနန္ဒာဘေးမဲ့တောဉယျာဉ်၌ ကြယ်လိပ်သားပေါက်ရာသီသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ဆက်လက်၍ အခြားဥကျင်း များထဲမှ ကြယ်လိပ်ဥများလည်း ထပ်မံပေါက်ဖွားလာခဲ့ရာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ရက်နေ့ထိ ကြယ်လိပ် သားပေါက် (၁၅၇၆)ကောင်ပေါက်ဖွားလာခဲ့ပြီး ကြယ်လိပ်ပေါက်ရာသီမှာ လည်းကုန်ဆုံး ခဲ့ကြောင်း လောကနန္ဒာဘေးမဲ့တောဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်မှရှင်းပြသည်။


သို့ဖြစ်သည်တို့ရှိရာ လောကနန္ဒာဘေးမဲ့တောဉယျာဉ် ကြယ်လိပ်မွေးမြူရေးခြံသည် ကမ္ဘာပေါ်တွင် ကြယ်လိပ်အကောင်ရေအများဆုံးရှိသည့် ခြံတစ်ခြံအဖြစ်တည်ရှိနေ ကြောင်း၊ နှစ်စဉ်ကြယ်လိပ်ကောင်ရေ (၁၀၀၀)ကျော် ပေါက်ဖွားလျှက်ရှိပြီး လျာထားချက်ထက်ပင် ကျော်လွန်ပေါက်ဖွားနေသည့်အတွက် မြန်မာ့ရှားပါးမျိုးစိတ် ကြယ်လိပ်ထုတ်စက်ရုံဟုပင် ပြည်သူများ တင်စားခေါ်ဝေါ်နေကြကြောင်းလည်း သိရသည်။


၂၀၀၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ (၂၂)နှစ်တာကာလအတွင်း ပေါက်ဖွားနှုန်းအကောင်းဆုံးနှစ်ဖြစ်ပြီး လောကနန္ဒာဘေးမဲ့တောဉယျာဉ်ရှိ အရွယ်စုံကြယ်လိပ်(၈၇၈၈)ကောင်ရှိနေပြီး၊ နေရင်းဒေသ များသို့ ပြန်လည်စေလွှတ်ခဲ့သည့် ကြယ်လိပ်(၂၆၅၀)ကောင်နှင့်ဆိုပါက (၁၁၄၃၈)ကောင်၊ ပေါက်ဖွားခဲ့ပြီးဖြစ်ရာ မြန်မာမျိုးစိတ်ဖြစ်သည့် ကြယ်လိပ်များသည် မြန်မာမြေပေါ်တွင် ထာဝရရှင်သန်ပေါက်ဖွားနေထိုင်ကြတော့မည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကိုလည်း မြန်မာ့မျိုးစိတ်ကြယ်လိပ်ျား ကမ္ဘာ့အလယ်ဝင့်ထည်စွာ ဂုဏ်ဆောင်နေကြလိမ့်ပေတော့မည်။


သတ်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)