ဝန်ထမ်းအချင်းချင်း အကာအကွယ်ပေးပြီး နိုင်ငံတော်အကြီးအကဲများ အမှန်တရားကို မသိနိုင်အောင် လိမ်ညာနေသူများကြောင့် နစ်နာဆုံးရှုံးနေရသော မြေယာမှုခင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ထမ်းအချင်းချင်း အကာအကွယ်ပေးပြီး နိုင်ငံတော်အကြီးအကဲများ အမှန်တရားကို မသိနိုင်အောင် လိမ်ညာနေသူများကြောင့် နစ်နာဆုံးရှုံးနေရသော မြေယာမှုခင်း (အိတ်ဖွင့်ပေးစာ)


မြန်မာနေရှင်နယ်ပို့စ်မှ ဖော်ပြပေးနိုင်ပါရန် -


ပင်လောင်းမြို့၊ ပေါ့အင်းကျေးရွာအုပ်စု၊ ပရှားမွူးရွာနေ ကျွန်မ၏ ဖခင် ဦးပေါ်ဝယ်ယူပိုင်ဆိုင်ထားသော နောင်တရားမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အရှေ့မျက်နှာစာ (၄၁)တောင် (ပေအားဖြင့် ၆၂ပေ)၊ အရှေ့အနောက် ၁၃၀တောင် (၁၉၅ပေ) မြေအား ၂၀၀၃ခုနှစ်က မြို့ပြစီမံကိန်း ဘဏ်ဆောက်လုပ်မည်ဆိုပြီး သိမ်းဆည်းခံရပြီး ဘဏ်ဆောက်လုပ်ခြင်းမရှိဘဲ ဝန်ထမ်းများက မြေကွက်ဖော်ထုတ် ရောင်းစားခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ 

ဖခင်မှာ အသက်အရွယ်အိုမင်းပြီး မိမိတို့မှာ စိုက်ပျိုးမြေမရှိတော့သည့်အတွက် အခြားသောမြေပိုင်ရှင်များထံ နေ့စားလိုက်၍ အလုပ် လုပ်ကိုင်နေရပါသည်။ သမီးဖြစ်သူ ကျွန်မ နန်းမဦး မှ ဖခင်၏ မြေယာကို သိမ်းဆည်းခံခဲ့ရပြီး မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများက ရောင်းစားခဲ့ခြင်းအပေါ် မိမိတို့ နစ်နာဆုံးရှုံးခဲ့ရမှုအတွက် လျော်ကြေး၊ နစ်နာကြေး ပြန်လည်တင်ပြနိုင်ရေး ကြိုးစားဆောင်ရွက်နေစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနေရှင်နယ်ပို့စ်မှ လယ်ယာမြေသိမ်းဆည်းခံရမှုများအတွက် နစ်နာသူ တောင်သူများ နစ်နာမှုမရှိစေရေး မည်သို့ ပြန်လည်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သက်ဆိုင်ရာသို့ ပြန်လည်တင်ပြရန် ကြားသိခဲ့ရပါသည်။ ယခင်အစိုးရလက်ထက်ကလည်း ကျွန်မ၏ ဖခင်ပိုင်မြေကို မြို့နယ်မြေစာရင်းနှင့် ထွေအုပ်တို့က ရောင်းစားခဲ့မှုအပေါ် ပြီးပြတ်အောင် ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။ လက်ရှိအချိန်တွင် ဥပဒေအလွဲသုံးစားလုပ်၍ ရောင်းစားသူများထံမှ ဝယ်ယူထားသူများက နေထိုင်လျက်ရှိပြီး ဥပဒေမဲ့ ရောင်းစားသူ ဝန်ထမ်းများ၏ အကာအကွယ်ကို ရရှိနေသည့်အပေါ် လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုပါသည်။

ယခု တင်ပြပါ မြေယာအလွဲသုံးစား ရောင်းစားမှုနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွတ်တော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့ထံ တင်ပြခဲ့ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် နောင်တရားမြို့ပြတည်ဆောက်ရေးကို အကြောင်းပြုပြီး မြေယာများသိမ်းဆည်းရာတွင် ကျွန်မတို့၏ မြေအား ဘဏ်ဆောက်မည်ဆိုပြီး သိမ်းဆည်းခဲ့သော်လည်း ဘဏ်ဆောက်လုပ်ခြင်းမရှိဘဲ မြေစာရင်းနှင့် ထွေအုပ်တာဝန်ရှိသူတို့က ရောင်းစားလိုက်ကြခြင်းဖြစ်ပါသည်။ ထိုသို့နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်ပြီး မြေရောင်းစားလိုက်ကြသည်ကို မြို့တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များ မသိခဲ့ရပါ။ နောက်ပိုင်း စုံစမ်းလေ့လာရာ အဆိုပါမြေနေရာသည် မြို့တည်ဆောက်ရေးအတွက် သိမ်းဆည်းမှုတွင် မပါဝင်ခဲ့ပါ။ တိုးချဲ့ရာတွင် အဆိုပါမြေယာပါဝင်ခြင်းကို အကြောင်းပြု ရယူပြီး ရောင်းစားလိုက်ကြသည်ကို သိရှိရပါသည်။

ကျွန်မတို့ ပင်လောင်းဒေသတွင် မြေယာကိစ္စများကို အာဏာပိုင်များကိုယ်တိုင်က နိုင်ငံတော်စီမံကိန်း၊ မြို့ရွာစီမံကိန်းများကို အကြောင်းပြကာ အမှန်တကယ် မြို့ပြဧရိယာအတွက် သုံးစွဲခြင်းမရှိဘဲ ကျွန်မတို့၏ စိုက်ပျိုးမြေများကို သိမ်းယူ ရောင်းစား ခွဲဝေ ရယူခြင်းကို မြေစာရင်းနှင့် ထွေအုပ်တို့က လုပ်ဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲများထံ တင်ပြသည့်အခါတွင်လည်း နိုင်ငံတော်အကြီးအကဲများက ပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာ ပြည်နယ်၊ ပင်လောင်းဒေသ တာဝန်ရှိသူများကို ပြန်လည်စိစစ်ဖို့ ညွှန်ကြားသည်ဟု သိရှိရပြီး မိမိတို့အား ခေါ်ယူစစ်ဆေး မေးမြန်းခြင်း မရှိပါ။ ခေါ်ယူစစ်ဆေးမှုပြုလုပ်သည့် အခါတွင်လည်း ၎င်းတို့အလိုကျ ယခင်က အဂတိလိုက်စား ဥပဒေမဲ့ ရောင်းစားသွားသော ဝန်ထမ်းများအား အကာအကွယ်ပေးပြီး ဝေစားမျှစား လုပ်၍ ကျွန်မတို့၏ သက်သေထွက်ဆိုချက်များကို လိုအပ်သလို မမှန်မကန် ပြင်ဆင်လက်မှတ်ရေးထိုးခိုင်းခြင်းများ လုပ်ဆောင်လာပြီး "မင်းတို့ ကြိုက်သလောက်တိုင် ငါ့ဆီဘဲပြန်ရောက်မှာ" ဆိုသော အဂတိလိုက်စားသူများကိုသာ ပြန်လည်စစ်ဆေးခိုင်းနေခြင်းကြောင့် အမှန်တရား မပေါ်ပေါက်နိုင်ပါ။

အထက်လူကြီးများကို ပြန်လည်တင်ပြဖို့ အောက်ခြေမှာ လနှင့်ချီပြီး အကြောင်းအမျိုးမျိုးပြကာ ပြန်လည်တင်ပြခြင်းမရှိသော အရာများကို နိုင်ငံတော်အကြီးအကဲများ သိရှိစေလိုပါသည်။ မြေယာစစ်ဆေးမှုအဖွဲ့များကို သမာသမတ်ရှိသော ပုဂ္ဂိုလ်များနှင့် သီးခြားဖွဲ့စည်း၍ အမှုတစ်ခုချင်းစီကို အချိန်သတ်မှတ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ကျွန်မတို့အနေဖြင့် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် လုပ်ငန်းတာဝန်များကို တိကျပြတ်သားသော အရည်အချင်းရှိ နိုင်ငံခေါင်းဆောင်များ ခေတ္တယာယီ ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ကာလတွင် အဂတိလိုက်စားဝန်ထမ်းများကြောင့် တိုင်းပြည်နှင့် လူမျိုး ဆင်းရဲမွဲတေ ဒုက္ခရောက်နေရသည်ကို ကျွန်မတို့ကဲ့သို့ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများက သက်သေခံနေပါသည်။ ထိုသို့သော တိုင်းပြည်နှင့် လူမျိုး အတိဒုက္ခရောက်အောင် ဥပဒေမဲ့ ကိုယ်ကျိုးရှာနေသူများကို အမြန်ဆုံးစိစစ်ဖော်ထုတ် အရေးယူပေးနိုင်ပါရန် တင်ပြတောင်းဆိုအပ်ပါသည်။


ကျွန်မတို့၏ မြေယာကို ရယူရောင်းစားသွားသူများမှာ အာဏာပိုင်များဖြစ်နေပြီး ပြန်လည်စစ်ဆေးရာတွင်လည်း အဆိုပါ အာဏာအလွဲသုံးစားလုပ်ခဲ့သူများက စစ်ဆေးရေးအဖွဲ့တွင် ပါဝင်နေခြင်းကြောင့် အမှန်တရားပေါ်ပေါက်ခြင်း မရှိဘဲ လွတ်လပ်နေသောမြေနှင့် ကျွန်မတို့ပိုင် မြေများပေါ်တွင် ကိုယ်ပိုင်အိမ်များ ဆောက်လုပ်နေထိုင်ခြင်းကို ပယ်ဖျက်ခြင်း မရှိခဲ့ပါ။ အစိုးရတစ်ရပ် ပြောင်းလဲသွားသော်လည်း မြေယာအတွက် လျော်ကြေး၊ နစ်နာကြေး ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ အာဏာအလွဲသုံးစား လုပ်၍ ရောင်းစားသူများထံမှ ဝယ်ယူထားသူများက မောင်ပိုင်စီးထားသည့် အခြေအနေ ဖြစ်ပါသည်။

ယခု လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူအသီးသီးတို့ထံ (၃၀-၁-၂၀၂၂) ရက်နေ့က တင်ပြခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စစ်ဆေးခိုင်းသည်ဟုဆိုကာ (၃-၃-၂၀၂၂) ရက်နေ့က နောင်တရားမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျွန်မတို့အား ခေါ်ယူစစ်ဆေးပြီး (၄-၃-၂၀၂၂) ရက်နေ့တွင် ကွန်ပျူတာစာစီပြီး ထွက်ဆိုချက်များ ကို ဖတ်ရှုခိုင်းပြီး လက်မှတ်ရေးထိုးစေရာ မှန်ကန်သဖြင့် လက်မှတ်ရေးထိုးပေးခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ မြေစာရင်းတာဝန်ရှိသူက အဆိုပါထွက်ဆိုချက်အား ပင်လောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ (၃-၅-၂၀၂၂) ရက်နေ့အထိ တင်ပြခြင်းမရှိဘဲ ကျွန်မတို့ သွားရောက်မေးမြန်းသောအခါ ၎င်းအလိုကျ ပြင်ဆင်ထားသည် ထွက်ဆိုချက်ကို  ပြန်လည်လက်မှတ်ရေးထိုးခိုင်းသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့မြေကို နိုင်ငံတော်အာဏာအလွဲသုံးစားလုပ်၍ ရယူပြီး ရောင်းစားခဲ့သော ဝန်ထမ်းများကို ဝန်ထမ်းအချင်းချင်း အချိန်စွဲ ကာကွယ်ပေးနေခြင်း၊ ထွက်ဆိုချက်များကို ပြင်ဆင်ရေးသားနေခြင်းကို ကြည့်ခြင်းအားဖြင့် အမှန်တရားပေါ်ပေါက်အောင် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များကို အမှားမှားအယွင်းယွင်းဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ မြေကိုဝယ်ယူထားသူတို့နှင့် အာဏာပိုင်ဝန်ထမ်းများကို စစ်ဆေးမေးမြန်းရာတွင်လည်း ပွင့်လင်းမြင်သာစွာ စစ်ဆေးဆောင်ရွက်ခြင်း လုံးဝမရှိပါ။

ယနေ့တိုင်အောင် ကျွန်မတို့၏ မြေကိုသိမ်းဆည်းရောင်းစားပြီး နိုင်ငံတော်အတွက် အသုံးမပြုသည့်မြေကို ပြန်လည်ပေးအပ်ရန် နိုင်ငံတော်အကြီးအကဲများ၏ အမိန့်ကို မျက်ကွယ်ပြု ဆောင်ရွက်နေကြဆဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ မြို့ရွာစီမံကိန်းကို အကြောင်းပြုပြီး ကျွန်မတို့၏ မြေကို သိမ်းဆည်းရယူ အာဏာအလွဲသုံးစားပြုလုပ်၍ မြေစာရင်းနှင့် ထွေအုပ်ဝန်ထမ်းများက ကိုယ်ကျိုးအတွက် ရောင်းစားခဲ့ခြင်းကြောင့် ကျွန်မတို့ မိသားစု ယနေ့တိုင်အောင် နစ်နာဆုံးရှုံးနေရသည်ကို နိုင်ငံတော်အကြီးအကဲများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် မှန်ကန်စွာ လေ့လာသုံးသပ်၍ သမာသမာရှိသော စစ်ဆေးရေးအဖွဲ့များ စေလွတ်ပြီး အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် အစိုးရအဆက်ဆက် အမှန်တရားပေါ်ပေါက်ခြင်းမရှိအောင် ဝန်ထမ်းအချင်းချင်း အကာအကွယ်ပေးပြီး နိုင်ငံတော်အကြီးအကဲများ အမှန်တရားကို မသိနိုင်အောင် လိမ်ညာနေသူများ၊ ရာထူးအာဏာမဲ့ ပြည်သူအပေါ် ဥပဒေအလွဲသုံးစားလုပ်ကာ အနိုင်ကျင့် ဗိုလ်ကျ တိုင်းပြည်နှင့် လူမျိုး ဆင်းရဲမွဲတေအောင် ဖန်တီးနေသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။


နန်းမဦး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)