ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကုန်ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများဖြင့် အပင်အာဟာရ ပျော်ရည်ထုတ်လုပ်အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကုန်ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများဖြင့် အပင်အာဟာရ ပျော်ရည်ထုတ်လုပ်အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုစစ်ဆေး


MNP ၊ ဇူလိုင် ၅

စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ စွန့်ပစ်ပစ္စည်းများဖြင့် အပင်အာဟာရ ပျော်ရည်ထုတ်လုပ်အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲနှင့် နည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ စွန့်ပစ်ပစ္စည်းများဖြင့် ဖော်စပ်ထားသော အပင်အာဟာရပျော်ရည်ကို နေကြာသီးနှံစိုက်ခင်းများတွင် စမ်းသပ်သုံးစွဲနေမှု၊ သီးနှံဖြစ်ထွန်းမှုနှင့် လုပ်ငန်းမှတ်တမ်းထား ရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။


ထို့နောက် စုဝေးဆောင်ခန်းမတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ စွန့်ပစ်ပစ္စည်းများဖြင့် အပင်အာဟာရပျော်ရည် ထုတ်လုပ်အသုံးပြု ခြင်းဆိုင်ရာ အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်ရန် လိုအပ်သော အပင်အာဟာရများ ကို စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များထုတ်လုပ်မှုမှ အလျှံအပယ်ရနေသော ဘေးထွက်ပစ္စည်းများ စွန့်ပစ်ပစ္စည်းများဖြစ်သည့် နှမ်းရိုး၊ စပါးခွံ၊ ကြက်ဥခွံနှင့် ငါးအသားထုတ်လုပ်မှု ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ်ထားသည့် သဘာဝအပင် အားဆေးများ၊ သဘာဝမြေဩဇာများကို အကျိုးရှိစွာ ပြန်လည်သုံးစွဲခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားလာပြီး တိုးတက်လျက်ရှိသည့် ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေသည့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နည်းပညာရပ်ဆိုင်ရာ အတွေ့အကြုံများကို ဌာနအတွင်းရှိ ပညာရှင်များနှင့် ပုဂ္ဂလိကပိုင်းမှ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ပြီး တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါအသုံးပြုလာသည်အထိ ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။


ထို့နောက် ပုဂ္ဂလိကလုပ်ငန်းရှင် ဦးတင်မောင်သန်းက ငါးအမိုင်နို အက်စစ် ထုတ်လုပ်အသုံးပြုမှုနည်းပညာနှင့် အတွေ့အကြုံများကို တင်ပြဆွေးနွေးရာ အခမ်းအနားတက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ငါးအမိုင်နိုအက်စစ် မြေဩဇာရည်အပါအဝင် ဇီဝစူပါ၊ အီးအမ်ဘိုကာရှီ၊ ဒိုချက်ကင်၊ ခိုင်တိုစန်စသော သဘာဝမြေဩဇာများအား သုတေသနပြု စမ်းသပ်ဖော်ထုတ်ခြင်းနှင့် နည်းပညာဖြန့်ဖြူးပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငါးအသား ထုတ်လုပ်မှု ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ်ထားသည့် ငါးအမိုင်နို အက်စစ်မြေဩဇာရည်၌ နိုက်ထရိုင် ဂျင်ဓာတ်နှင့် အပင်အတွက် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ကြောင်း၊ လွယ်ကူရိုးရှင်းစွာ ဖော်စပ်သုံးစွဲ နိုင်ကာ ကုန်ကျစရိတ်သက်သာသဖြင့် တောင်သူများအတွက် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် သဘာဝမြေဩဇာဖြစ်၍ နည်းပညာပြန့်ပွားရေးနှင့် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။


ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည့် ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည့် အဆိုပါ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)