MNP - ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေးအတွက် လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါသော ပူးပေါင်းကွင်းဆင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီက ကဒူးကြီးကျေးရွာအုပ်စု၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တည်ရှိရာ ဗန်းမတ်ကျေးရွာသို့ ကျေးလက်ဒေသလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ဆွေးနွေးပွဲသို့ သွားရောက်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ပူးပေါင်းကွင်းဆင်းအဖွဲ့အား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO )မှ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးခွန်အောင်မန်း ဦးဆောင်သောအဖွဲ့က ကြိုဆိုမိတ်ဆက်ပြီး နိုင်ငံတော်၏ငြိမ်းချမ်းရေး၊ ဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ကိုယ်စားလှယ်အဖွဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်များဖြစ်သော ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ပေးရေး၊ စိုက်ပျိုးရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတိုးတက်ကောင်းမွန် စေရေး၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေးအတွက် ဆည်တည်ဆောက်ပေးရေး၊ ဗန်းမတ်ကျေးရွာ ဒေသအတွင်း (၅)ရက်တစ်ဈေး တည်ဆောက်ပေးနိုင်ရေးနှင့် ဟိုနမ့်ကျေးရွာအုပ်စုနှင့်ဗန်းမတ်ကျေးရွာအနီး ရေအားလျှပ်စစ်ထုတ်လုပ်ပြီး ဒေသအတွင်းလျှပ်စစ်မီးရရှိ ရေးအပါအဝင် အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့ပြီး လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ထံသို့ တင်ပြခဲ့သည့် လုပ်ငန်းများအပြင် အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများ၏ မူဘောင်အတွင်းမှ ဆောင်ရွက်ဖြည့်ဆည်းပေးနိုင်ရန် အစိုးရအဖွဲ့ထံသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကိုလည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)ဆက်ဆံရေးတာဝန်ခံ(မောက်မယ်)မှတစ်ဆင့် ချိတ်ဆက်၍ ဆက်လက်တင်ပြပေးစေလိုကြောင်း ရင်းရင်း နှီးနှီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းမျိုးသန့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment