MNP - ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ရွှေတောင်ကုန်းကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး တောင်သူများ၏ ကျွဲနွားများအား ပေါင်ပုတ်လက်ပုတ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းက မြေဆီလွှာဖွံဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ အတန်းတူလယ်ယာစနစ်နေကြာသီးညှပ် စိုက်ပျိုးရေးအကြောင်းတို့အားလည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအယ်လစ်စဘတ်ဝင်းရှိန်က သဘာဝမြေဩဇာများရရှိရန် ကျွဲနွားများကို လွှတ်ကြောင်းစနစ်မှ ခြံလှောင်မွေးမြူဖို့ လိုအပ်ကြောင်းနှင့် တိရစ္ဆာန်အစာလိုအပ်ချက်အတွက် တိရစ္ဆာန်အစာပင် (နေပီယာမြက်) စိုက်ပျိုးရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအယ်လစ်စဘတ်ဝင်းရှိန်က ဒေသခံတောင်သူများ၏နွားကောင်ရေ (၄၅)ကောင်အား ပေါင်ပုတ်လက်ပုတ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment