MNP - ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ခရိုင်အတွင်း ဖွဲ့စည်းထားရှိပြီးဖြစ်သည့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှု ရေးအသင်းအဖွဲ့များ ပေါင်းစပ်ဆောင်ရွက်၍ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန်နှင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ မွန်းလွဲပိုင်းက ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည့် အချက်များ၊ ငလျင်ဘေးနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး/ပြည်နယ်အချို့များမှာ ကြုံတွေ့နေရသည့်အတွက် ငလျင်ဘေးနှင့် ပတ်သက်ပြီးရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ ပို့ချသွားမှာဖြစ်ကြောင်း၊ သင်တန်းသားများ၏ နေထိုင်စားသောက်ရေးနှင့် ပတ်သက်၍လည်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင်ဝင်းက ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံတွင် နှစ်အလိုက်မြေငလျင်လှုပ်ခတ်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံအမျိုးသား ရှာဖွေကယ်ဆယ်ရေး ကော်မတီ၏ လု်ပငန်းတာဝန်သတ်မှတ်ချက်များ၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ တစ်ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်မည့် သင်တန်းသားအရေအတွက်၊ သင်တန်းနည်းပြများ၏ သင်ခန်းစာပို့ချမည့် အချိန်ဇယားများ၊ ပို့ချမည့် သင်ခန်းစာအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်လှစ်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment