MNP - ဇူလိုင် ၁၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများနှင့် ဘုရားများတွင် ကိုဗစ်-၁၉ရောဂါအခြေအနေမှာလည်း လျော့နည်းလာသည့်အတွက် လူစုလူဝေးကျင်းပ ပြုလုပ်ခြင်းနှင့် လမ်းညွှန်ချက်များဖြေလျော့ပေးခဲ့သဖြင့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ အပန်း ဖြေလည်ပတ်သူများ ဘုရားများသို့ ဝင်ရောက်ဖူးမျှော်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိသည်။
ယနေ့တွင် တံတားဦးမြို့နယ် အင်းဝဒေသရှိ အထင်ကရနေရာဖြစ်သည့် လေးထပ်ကြီးဘုရား ၊ မယ်နုအုဌ်ကျောင်း၊ ထီးလှိုင်ရှင်ဘုရား၊ ဗားကရာကျောင်းတော်၊ လောသရဖူဘုရားနှင့် ဆင်ကျုံးခံတပ် ညောင်ရမ်းခေတ် ဘုရားများဖြစ်သောဝင်္ကပါ၊ မြင့်မိုရ်တောင်၊ ကြောင်လိန်ဘုရားစသည့်အထင်ကရ ရှေးဟောင်းသမိုင်း ဝင်နေရာများနှင့် ဘုရားများတွင် ရပ်နီးရပ်ဝေးပြည်သူများက လာရောက်လည်ပတ်ခြင်းနှင့်အတူ ဘုရာများဖူးမျှော်ခြင်း၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်းများဖြင့် ကုသိုလ်ယူ ဆောင်ရွက်ကြသည်။ အင်းဝဒေသရှိ အထင်ကရနေရာများနှင့် ဘုရားများတွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ ပြည်ပဧည့်သည်များက နေ့စဉ်လာရောက် လည်ပတ်ကြပါတယ်။ ဒီနေ့ဟာဆိုရင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သည့်အပြင် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆို လပြည့် (ဓမ္မစကြာ အခါတော်နေ့)တွင် ရဟန်းရှင်ပြည်သူများသည် စုပေါင်းလာရောက်ကြ၍ ဘုရားများဖူးမျှော်ကြည်ညိုကြပြီး အထင်ကရနေရာများကို ဝင်ရောက်လေ့လာကြကြောင်း တံတားဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးထံမှသိရသည်။
အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင်နေရာများကို သွားလာရလွယ်ကူပြီး လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ပါကြောင်း ရှေးဟောင်းသမိုင်းဝင် ဘုရားများနှင့် အထင်ကရနေရာများတွင် ရောင်းချသော အစားသောက်များကို ဝယ်ယူစားသောက်အနားယူကြခြင်း၊ အလှဓာတ်ပုံများရိုက်ကူးခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူကြသဖြင့် စည်ကားလျက်ရှိကြောင်းလည်းသိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment