MNP ၊ ဇူလိုင် ၃
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး သည် ယမန်နေ့ နေ့လည်ပိုင်းက သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုး ပါတီ ရုံးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီတာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသောအခြေအနေများနှင့် ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားကို ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းဌေး နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှုး ဒေါ်အေးမင်းမိုး ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီ နာယကများ၊ ခရိုင်(၄) ခု မှ ပါတီ ဥက္ကဋ္ဌ နှင့်အတွင်းရေးမှုးများ၊ မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှုးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် အာဆီယံမူ(၅)ချက်မှ ပထမအချက်ဖြစ်သော အကြမ်းဖက်မှုများချက်ခြင်းရပ်တန့်ရေး၊ ပါတီအားလုံးအစွမ်းကုန်ထိန်းချုပ်ဆောင်ရွက်ကျင့်သုံးရေးနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက အကြမ်းဖက်လမ်းစဉ်ကို လုံးဝလက်မခံသလို ကျင့်သုံးခြင်းလဲမရှိကြောင်း၊ မိမိပါတီကိုအတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး ဇွန်လကုန်ထိ အကျုံးဝင်သော NUGနှင့် PDF တို့၏ အကြေမ်းဖက်မှုကြောင့်သေဆုံး၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီအားပေးထောက်ခံသူများ၊ မိသားစုဝင်များ၏ အချက်အလက် ဓါတ်ပုံအထောက်အထားများပါဝင်သော အိတ်ဖွင့်ပေးစာကို အာဆီယံအထူးကိုယ်စားလှယ်ထံသို့ပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးပါတီတာဝန်ရှိသူများနှင့် ဆက်လက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment