MNP ၊ ဇူလိုင် ၃
မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို ပုဂံမြို့၊ နန်းမြင့်မျှော်စင်၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓါတ်မြေဩဇာများ မြန်မာနိုင်ငံသို့ ပိုမိုတင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေး၊ မြန်မာပညာသင်များ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှု ချောမွေ့စေရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် စသည့် ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေး အမြင်ချင်း ဖလှယ်ကြသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိုလည်း ဆွေးနွေးကြသည်။
နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကို အခြေခံကာ အာဆီယံတူညီဆန္ဒ (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အောင်မြင်စွာ ဖော်ဆောင်နေမှုတို့ကို တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးအား ရှင်းလင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများ၏ ရှေ့မှောက်၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေး စီမံကိန်း သဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အဆင့်မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ လှူဒါန်းသည့် ယွမ် (၁၀ ဒသမ ၅) သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များနှင့် မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ယွမ် (၃၂) သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်းပေးအပ်/ လက်ခံလွှာ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ (၁,၀၀၀) လွှဲပြောင်းပေးအပ်/လက်ခံလွှာတို့ကို မြန်မာဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တရုတ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လွှဲပြောင်းလက်ခံ လဲလှယ်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment