MNP - ဇူလိုင် ၁၅
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)ကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးရုံးခန်း၌ ကျင်းပ သည်။
အစည်းအဝေးတွင် ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အမည် စာရင်းတင်သွင်းထားသည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအရာရှိ (၅) ဦးကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ လွှမ်းမိုးလာ နိုင်စေရေးအတွက် မိမိတို့ ကော်မတီဝင်များနှင့် အခြား ဆက်စပ်ဌာနဆိုင်များနှင့် ပူးပေါင်း၍ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်မှသာလျှင် စားသုံးသူပြည်သူ လူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ် နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ သက်တမ်း ကုန် (Expire date)များ ရောင်းချမှုမရှိစေးရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုကြောင်းနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမိုးနိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်ထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရမည့်အချက်များကို ဆွေးနွေးတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များက အကြံပြုဖြည့်စွတ်ဆွေးနွေးကြ ပြီး ချင်းပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment