MNP - ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ် (၉)ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေအတွင်း တည်ဆောက်ထားသော Myanstar Garment Co., Ltd ၏ အနောက်တိုင်း ဝတ်စုံထုတ်လုပ်သည့်စက်ရုံသို့ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံမှ စက်ရုံ၏ အခြေခံအချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း အနောက်တိုင်းဝတ်စုံ ချုပ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း (CSR)များ တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Bago Sport Gloves Co., Ltd ၏ လက်အိတ်ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်ခဲ့ရာ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံမှ စက်ရုံဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း လက်အိတ်အမျိုးမျိုး ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်ပမှ မိတ်ဖက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံဖိတ်ခေါ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Sunjin Myanmar Co., Ltd တိရစ္ဆာန်အစာစပ်စက်ရုံများသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံဆိုင်ရာ အချက်အလက်များအား စက်ရုံတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်တွင်းထုတ်ကုန်ကြမ်းများအား အများဆုံး သုံးစွဲနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်ဓါတ်အားသုံးစွဲရာတွင် ဆိုလာစနစ်နှင့် တွဲဖက်သုံးစွဲနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေနှင့် ပြည်တွင်း စက်မှုနယ်မြေများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment