မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှုအားကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှုအားကြည့်ရှု






MNP- ဇူလိုင်  ၁၅


ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များသည်  ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုသည့် စကားနှင့်အညီ ကြိုတင်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အစီအစဉ်ကို  ယမန်နေ့နံနက် ၈ နာရီက ဧရာဝတီမြစ်ကမ်း We Love Magway ညဈေးတန်း အနီး၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပိုမိုဖြစ်ပွား ကြုံတွေ့ရလျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏလည်း ပိုမိုများပြားလာတာကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီအနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင် ရေရှားဘေး အစရှိတဲ့ ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း၊ ဒါအပြင် အခြားသောဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများရဲ့ အန္တရာယ်များလည်း ဖြစ်ပွားလာတာကို တွေ့ကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအနေနဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ည ၉ နာရီအချိန်ခန့်မှာ မုန်းချောင်းရေများ ရုတ်တရက်မြင့်တက်ပြီး ပွင့်ဖြူမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့တဲ့အတွက် မီးသတ်တပ်ဖွဲ့အနေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရကြောင်း၊ အဲဒီဖြစ်စဉ်ကြောင့် ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း(၁၅၅)ရွာမှ အိမ်ခြေ(၃၆၁)လုံး၊ စာသင်ကျောင်း(၁၃)ကျောင်း၊ ဘုန်းကြီးကျောင်း(၁)ကျောင်း၊ လယ်ဧက(၃၁၅၀၅)ဧက၊ တံတား(၂)စင်း ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုအနေနဲ့ (၈၈၉၂.၉၈၃)သန်းခန့် ဆုံးရှုံးခဲ့ရကြောင်း၊ ပွင့်ဖြူမြို့နယ် ရေလျှံမှုဖြစ်စဉ် ဖြစ်ပွားချိန်မှာ ကြီးအုံကြီးဝ ရေလှောင်တမံ ရေပြည့် အမှတ်ထက် ၃၃.၃ ပေကျော်ခဲ့ကြောင်း မှတ်တမ်းများအရတွေ့ရှိရကြောင်း၊ အထက်ရခိုင်ရိုးမနဲ့ ချင်းပြည်နယ်မှာ မိုးဆက်တိုက်ရွာသွန်းပြီး ကြီးအုံကြီးဝရေလှောင်တမံ ရေပြည့် အမှတ်ထက် ၂၇ ပေ ကျော်တဲ့အချိန် ဧရာဝတီမြစ်ရေ ထောက်နေပါက ဂရုစိုက်စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်ဆိုတာ ပြောကြားလိုကြောင်း၊ ဒါကြောင့် ဆည်တာတမံများရဲ့ ရေဝင်ရောက်မှု အခြေအနေများ၊ မြစ်ရေချိန်များကို နေစဉ်မှတ်တမ်းပြုစု သုံးသပ်ဖို့လိုကြောင်း၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလာပါက ပြည်သူများရဲ့ အသက်အိုးအိမ်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး ကယ်ဆယ်ရွှေ့ထုတ်လုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အမြဲအသင့်အနေအထားရှိနေဖို့မှာ ကြားလိုကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့အတွက် လိုအပ်သော မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကို နှစ်စဉ်ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအဖြစ် မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရေးအတွက် မီးဘေးသတိမူ ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခြင်း၊ မိုးဦးကာလနှင့် မိုးနှောင်းကာလများအတွင်း ဖြစ်ပေါ်တတ်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးမှုဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား အသင့်လေ့ကျင့် ပြင်ဆင်ထားကြရမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အစီအစဉ် ဆောင်ရွက်ရာ ဧရာဝတီမြစ်အတွင်း မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat များအသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှု သရုပ်ပြသခြင်း၊ စက်လှေမီးလောင်မှုဖြစ်စဉ်အား မီးငြိမ်းသတ်ရေး ဆောင်ရွက်ခြင်းနှင့် Intellienge Lifebuoy များ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု သရုပ်ပြသခြင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ(၃)သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်  ကမ်းနားလမ်း ညဈေးတန်း အောက်ထပ်ဆိုင်ခန်းများ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြမှုအပေါ်  လုပ်ငန်းအချိန်မီပြီးစီးရေး၊ ဈေးဆိုင်ခန်းများ ချထားပေးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)