MNP - ဇူလိုင် ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများနှင့် မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (YMBA)သြဝါဒစရိယ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်ကြီးများ၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတသဘုရား ရှိခိုး ကန်တော့၍အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မသေနထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မုဒုံမြို့နယ်လုံးဆိုင်ရာ လေးထပ်သာသနာ့ဗိမာန်တော်ကြီး ရေရှည်တံ့တည်ခိုင်မာစေရန် ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် အလှူငွေကျပ် (၃၁)သိန်းအား အလှူရှင်များမှ လှူဒါန်းရာ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်းက လက်ခံခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ သံဃာ့မထေရ် မြတ်ကြီးအား ပူဇော်ကန်တော့ခဲ့ကြပြီး သံဃာ့မထေရ်မြတ်ကြီးများထံမှ ဆုပေးချီမြှင့်ခြင်းနှင့် မေတ္တာသုတ်ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ဂိုဏ်ပေါင်းစုံဝါတော်(၄၀)နှင့်အထက် သံဃာ့ မထေရ်မြတ်ကြီးများ၊ ဆရာတော်သံဃာတော်ကြီးများနှင့် ပင့်ကျောင်းဆရာတော် (၈၂)ပါး အား သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ကပ်လှူ ပူဇော်ခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးများထံမှ အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရတိဋ္ဌတု” ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း - သားငယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment