MNP - ဇူလိုင် ၅
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၁၀) နာရီခွဲက လယ်ဝေးမြို့နယ် ဗောဓိကုန်းကျေးရွာအနီးရှိ တောင်သူပညာပေး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်း ဆည်ရေပေးဝေမှုတိုးတက်ခေတ်မီရေး ရှေ့ပြေးစီမံကိန်းဆောင်ရွက်မည့် အခြေခံလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ လက်ထောက်ညွှန်ကြားရေးမှူး(၂) ဦးကျော်ထိုက်က ချောင်းမငယ်ဆည်ရေသောက်စနစ် အတွင်း Pilot Project ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းတွင်ရရှိမည့် အကျိုးကျေးဇူးများ၊ ရေ စီမံခန့်ခွဲမှု ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များ၊ လုပ်ငန်းများဆောင်ရွက်ပြီးပါက ရရှိမည့် အကျိုးကျေးဇူးများ၊ Pilot Project Area လက်တံမြောင်း(၁၁)၊ စနစ်ကျလယ်ယာမြေ(၁၂၁) ဧကစီမံကိန်း စတင်ပြီး နွေစပါးနှင့်အခြားသီးနှံများ တိုးချဲ့စိုက်ပျိုးလာနိုင်သည့် ဧရိယာများ၊ Pilot Area တစ်ခုချင်းအလိုက် သုတေသနပြုလုပ်ရန် တပ်ဆင်ထားသည့် တိုင်းတာရေးပစ္စည်းများဖြစ်သည့် ရေငွေ့ပျံနှုန်းတိုင်းတာကိရိယာ၊ မိုးရေချိန်တိုင်းကိရိယာ၊ ရေအနိမ့်အမြင့် ရေအပူချိန် ရေဖိအားအလိုအလျောက်တိုင်း ကိရိယာ၊ ရေစီးနှုန်းတိုင်းကိရိယာ၊ Water Quality နှင့် Ground Water တိုင်းကိရိယာတို့နှင့် မြေဆီလွှာရေစိမ့်နှုန်းတိုင်းတာခြင်းနှင့် ရေနှင့်မြေ နမူနာများယူခြင်း စသည်တို့ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က Pilot Project Area ဆောင်ရွက်ခြင်းဖြင့် ဆည်ရေများလေလွင့်ဆုံးရှုံးမှုနည်းပါးကာ ရေကြီးနစ်မြုပ်မှုမှကာကွယ်ပေးနိုင်ခြင်း၊ စိုက်ပျိုးမြေဧရိယာများ ထပ်မံတိုးတက်လာနိုင်ခြင်း၊ မိုးရေချိန် ရေငွေ့ပျံနှုန်းနှင့် မြေဆီလွှာပျက်စီးဆုံးရှုံးမှုကို စဉ်ဆက်မပြတ်သိရှိလာနိုင်ခြင်းနှင့် ရေစီမံခန့်ခွဲမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် အကျိုးများစွာ ဖြစ်ထွန်းလာမည့်စီမံကိန်းဖြစ်ကြောင်း နေကြာ၊ ဈေးကွက်ရရှိသည့်ပြောင်းနှင့် အစေ့ထုတ် နှံစားပြောင်းများအား နွေရာသီတွင် သီးထပ်တိုးချဲ့စိုက်ပျိုးရန်နှင့် လိုအပ်သောမျိုးကောင်းမျိုး သန့်များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် သွင်းအားစုများ ရရှိရေးတို့အတွက် အစီအမံများဖြင့် ပြန်လည်တင်ပြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင် ဦးဝင်းအောင်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဧက(၂၀၀)အဆင့်မြင့်စံပြ ကွက်အနီးရှိ Pilot Project Area တွင်ဆောင်ရွက်မည့် အခြေခံလုပ်ငန်းစဉ်များ ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ အဆိုပါ Pilot Project Area သည် လယ်ဝေးမြို့နယ်အတွင်းရှိ ချောင်းမငယ်ဆည်ရေသောက် ဧရိယာတွင်ပါဝင်ပြီး DY-11 မြောင်းဖျားရေ သောက်ဧရိယာဖြစ်သည်။ ချောင်းမငယ်ဆည်ရေသောက်စနစ်တွင် တူးမြောင်းမကြီးအလျား (၁၉)မိုင်၊ လက်တံမြောင်းများအလျား(၂၉)မိုင် ရှည်လျားပြီး စိစစ်ဧက(၇၂၁၉)ဧကအား ဆည်ရေပေးဝေလျက်ရှိကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ယခင်ကွင်းဆင်းစစ်ဆေးချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ကျေးလက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်လမ်း၊ ဆည်မြောင်း၊ လမ်းဦးစီး၊ စိုက်ပျိုးရေး၊ တိမွေးကုနှင့် ပညာရေးဌာနတို့မှ ပြန်လည်ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကိုဖြည့်စွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment