MNP - ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပင့်သံဃာတော်အရှင်မြတ်တို့အား ဝါဆိုမြတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၆)နာရီက အဆိုပါကျောင်း ကမ္ဘောဇဘုရားခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပေါ်ဘုန်းကြီးကျောင်း(၅)ကျောင်းမှ ပင့်သံဃာတော်အရှင်သူမြတ်များအား ကျောင်းအုပ်ဆရာမကြီးအမှူးပြု၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သြကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး ထေရဝါဒကျောင်းထိုင် ဆရာတော်အရှင်သီရိဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါသည်။ ဆက်လက်၍ ကြွရောက်လာသောသံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။
ထို့နောက် ထေရဝါဒကျောင်းထိုင် ဆရာတော်အရှင်သီရိဓမ္မက “စိတ်ကောင်းထားရတဲ့အကျိုး” တရားတော်မွက်ကြားချီးမြှင့်ပေးတော်မူပြီး၊ စေတနာရှင်၊ အလှူရှင်အပေါင်းကဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်အရှင်သူမြတ်များအား ဆွမ်း၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။
သတင်း - နန်းသန္တာဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment