နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားတက်ရောက်





MNP - ဇူလိုင်   ၁၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံး လုပ်နည်းများအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက် (၃)ရပ် ချမှတ်ဖော်ဆောင်လျက်ရှိရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မူဝါဒများချမှတ်ဖော်ဆောင်နေသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မူဝါဒများကို ကျင့်သုံးလိုက်နာဆောင်ရွက်နေကြသော စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံကာ အစိုးရ၏မူဝါဒများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ချပြရှင်းလင်းဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုရှင်းလင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာမူဝါဒများ၊ စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ၊ စီးပွားရေးဝန်းကျင်ကောင်းဖြစ်ပေါ်စေရေး ဌာနများအလိုက် ဆောင်ရွက်နေသည့်အခြေအနေများကို စီးပွားရေးနှင့်ဆက်စပ်သော အဓိကဌာန(၅)ခုက လုပ်ငန်းရှင်ကြီးများအား ရှင်းလင်းဆွေးနွေးပေးကြမှာဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က Agro-Industry လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး နှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက တိရစ္ဆာန်ထွက်ပစ္စည်း တန်းဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှုစနစ် (DICAOnline Solution-DOSO) ၏ သရုပ်ဖော် Video Clip၊ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနှစ် Myanmar CompanyOnline (MyCO) ၏ Video Clip တို့အား ပြသခဲ့ပြီး နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးနှင့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးပုံဖော်ရေး ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စီးပွားရေးဝန်းကျင်ကောင်းအဖြစ် ဖန်တီးပေးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခွင့်ပြုနိုင်ရေးနှင့် လွယ်ကူချောမွေ့မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နေပြည်တော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စံပြမြို့တော်ဖြစ်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် သိရှိလာသည့် အသိပညာများ၊ အခွင့်အလမ်းများကို မိမိရရဆုပ်ကိုင်ပြီး မိမိတို့၏ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအကြား အချိတ်အဆက်မိမိအကျိုးရှိရှိ အပြည့်အဝအသုံးချခြင်းအားဖြင့် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)