အရွယ်အစားကြီးမား၍ ရှားပါး ထူးခြားသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး ကို တပ်မတော်မှ နိုင်ငံတော်သို့ လှူဒါန်းခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရွယ်အစားကြီးမား၍ ရှားပါး ထူးခြားသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး ကို တပ်မတော်မှ နိုင်ငံတော်သို့ လှူဒါန်းခြင်း အခမ်းအနားကျင်းပ







MNP ၊ ဇူလိုင် ၇

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်း ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် ဒုတိယဝန်ကြီးများတက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာမီက နိုင်ငံတော်နှင့်တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘ ဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ပါကြောင်း၊ အဆိုပါပတ္တမြားကို တာဝန်ရှိသူများ ဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ ရှိရပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်း ရခြင်း ဖြစ်ပါကြောင်း၊ အလားတူပင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိပတ္တမြား လှူဒါန်းမှုအား လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းမှု လက်ခံရရှိခဲ့ကြောင်း၊ ယခု လှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားပါကြောင်း၊ ယခုပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာ ကင်းစင်ကာ မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသော ပတ္တမြားဖြစ်ကြောင်း၊ ထို့ကြောင့်လှူဒါန်းသည့် လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်းပြောကြားသည်။


ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပတ္တမြားကြီးဆိုင်ရာ အချက်အလက် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပတ္တမြားကြီးအား ကြည့်ရှုကြသည်။


ယခု တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင်(Red With Purplish tint) ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)