ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံကျမ်းစာများကို ပါဠိ(မြန်မာ၊ရိုမန်)နှစ်ဘာသာဖြင့် နိုင်ငံတကာကျမ်းစာများအဆင့်မီ ရိုက်နှိပ်ထုတ်ဝေနိုင်ရေး ပုံနှိပ်စက်တင်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံကျမ်းစာများကို ပါဠိ(မြန်မာ၊ရိုမန်)နှစ်ဘာသာဖြင့် နိုင်ငံတကာကျမ်းစာများအဆင့်မီ ရိုက်နှိပ်ထုတ်ဝေနိုင်ရေး ပုံနှိပ်စက်တင်မင်္ဂလာအခမ်းအနားကျင်းပ


MNP ၊ ဇူလိုင် ၇

ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံကျမ်းစာများကို ပါဠိ(မြန်မာ၊ရိုမန်) အက္ခရာနှစ်မျိုးဖြင့် နိုင်ငံတကာ ကျမ်းစာများအဆင့်မီ ရိုက်နှိပ်ထုတ်ဝေနိုင်ရေးအတွက် ပုံနှိပ်စက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကမ္ဘာအေးကုန်းမြေ၊ သာသနာရေး ဦးစီးဌာန ပုံနှိပ်တိုက်ဝန်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ(မြင်းခြံ) အမှူးပြုသော နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်ကြီး(၅)ပါး၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများဖြစ်သည့် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်)၊ ဘဒ္ဒန္တသုန္ဒရ (စွန်းလွန်းဆရာတော်)နှင့် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)စသည့် သံဃာတော်အရှင်သူမြတ်(၉)ပါးတို့ ကြွရောက်တော်မူကြသည်။

ထို့နောက် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဆောင်ရွက်မည့် အဆောက်အဦအတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အနုမောဒနာတရားနာယူခြင်းများ ဆောင်ရွက်ကြကာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ(မြင်းခြံ)က ပိဋကတ်သုံးပုံကိုပါဠိ (မြန်မာ၊ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ရိုက်နှိပ်မည့် စာပုံနှိပ်စက် စတင်လည်ပတ်နိုင်ရေးအတွက် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကာ အောင်ဂါထာကို သုံးကြိမ် ရွတ်ဆို၍ ပုံနှိပ်စက်တင်မင်္ဂလာအခမ်းအနားကို ဖွင့်လှစ်ပေးသည်။


ကမ္ဘာအေးကုန်းမြေ၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲဝန်းအတွင်းရှိ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိ (မြန်မာ၊ရိုမန်) ကျမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေမည့် အဆောက်အဦတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ကြီးကြပ်မှုဖြင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်ကျမ်းစာအုပ်များအား ပါဠိ(မြန်မာ၊ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပုံနှိပ်၍ နိုင်ငံတကာကျမ်းစာများအဆင့်မီ ရိုက်နှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ ထေရဝါဒဗုဒ္ဓဘာသာ သင်ကြားပေးနေသည့် တက္ကသိုလ်ကြီးများနှင့် သာသနာပြု ကျောင်းများ၊ မြန်မာနိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)နှင့် သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ် (စစ်ကိုင်း)တို့ကဲ့သို့ တက္ကသိုလ်ကြီးများအပြင် စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း (အုပ် ၄၀) (၁)စုံလျှင် (၁၂)သိန်းကျပ်နှုန်းဖြင့် ဓမ္မဒါနအဖြစ် ကုသိုလ်ပြုလှူဒါန်းနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)