ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်နှစ်ပင်စိုက်ပျိုး၊ မွေးမြူရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်နှစ်ပင်စိုက်ပျိုး၊ မွေးမြူရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး





MNP - ဇူလိုင်   ၁၄


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ယမန်နေ့နေ့လယ်တွင် မှော်ဘီမြို့နယ် ညောင်နှစ်ပင်ရှိ စိုက်ပျိုး၊ မွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ခရိုင်ချင်း ဆက်လမ်းလမ်းအမှတ်(၁)၊ အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းအတွက် လျာထားချက်နှင့် ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်(၁)တွင် ဟင်းသီးဟင်းရွက်လက်ကားဈေးတည်ဆောက်ရန် လျာထားသည့်မြေနေရာ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၏ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ဇုန်(၁) စီမံခန့်ခွဲရေး ကော်မတီရုံးမြေနေရာရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ဇုန်(၁)စီမံခန့်ခွဲရေးကော်မတီရုံးတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင်ပြည်ထောင်စုခန်းမရှိ အမျိုးသားညီလာခံကျင်းပသည့်ခန်းမအား ပြုပြင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အနော်ရထာရိပ်သာနှင့် ပုဂံရိပ်သာများအတွင်းရှိ ခန်းမများပြုပြင်ဆောင်ရွက်နေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင်အထူးဇုန်(၂)သို့ ရောက်ရှိရာ ခန်းမဆောင်တွင် ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃)တို့မှ ဇုန်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး ဆောင်ရွက်နေသည့် မြေကွက်များ၊ မွေးမြူရေးဆောင်ရွက်နေသည့် မြေကွက်များ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးရောနှောဆောင်ရွက်နေသည့် မြေကွက်များ၊ အခြားနည်းအသုံးပြုနေသည့် မြေကွက်များ၊ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေကွက်များအား မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က စိုက်ပျိုးမြေများကို အလွတ်မထားဘဲ ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးကြရန်နှင့် ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များကို ကုန်ကျစရိတ်သက်သာအောင် ဇုန်ထဲရှိ လက်ကားဈေးတွင် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားပြီး ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအား သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့တော်အင်္ဂါရပ်နှင့်အညီ ညအချိန်တွင် လမ်းမီး အလင်းရောင်များဖြင့် သာယာလှပစေရေး ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းလယ်၊ လမ်းယာဉ်ကြောနှစ်ဖက်လုံးတွင် အလင်းဓာတ်အား ပြည့်ဝစွာရရှိရန်ရည်ရွယ်၍ လမ်းလယ် ကျွန်းများတွင် လမ်းမီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းကို ပြည်လမ်းတစ်လျှောက် လေဆိပ်မီးပွိုင့်မှ မင်းရဲကျော်စွာလမ်းထိပ်အထိ မြေအောက်ဓာတ်အားလိုင်း ၆.၇၁ မိုင် ဆောင်ရွက်ရန် လျာထားရာပြီးစီးသည့် အေဒီမီးပွိုင့်နှင့် လှည်းတန်းလမ်းဆုံအထိ လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)