သမဝါယမအသင်းသားများအတွက် မျိုးစပါးများ၊ မြေဩဇာများနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမဝါယမအသင်းသားများအတွက် မျိုးစပါးများ၊ မြေဩဇာများနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်


MNP ၊ ဇူလိုင် ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ရွှေဇေယျာသမဝါယမ အသင်းသားများထံ မျိုးစပါးများ၊ မြေဩဇာများ ပေးအပ်ခြင်းနှင့် ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရီမြို့နယ်များရှိ သမဝါယမအသင်းသားများအတွက် ထွန်စက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိမ်းစားပင်စံပြကျေးရွာ သုခရတနာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်မည့် မျိုး၊ ရေ၊ သွင်းအားစုနှင့် နည်းပညာပံ့ပိုးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ သွင်းအားစုဓါတ်မြေဩဇာများ သုံးစွဲခြင်းကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် မြေဆီ လွှာပျက်စီးမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကာ ထုတ်လုပ်မှုကုန်ကျစရိတ်များ သက်သာစေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်တိုးရေးအတွက် နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ အရိုးမှုန့်၊ ဂျစ်ပဆင် ကျောက်မှုန့်၊ တီကျစ်စာ၊ ဘိုင်အိုချားစသည့် သဘာဝကုန်ကြမ်းပစ္စည်းများနှင့် ဖော်စပ်ထုတ်လုပ်ထားသည့် သဘာဝမြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲပါက မိမိတို့၏ စိုက်ပျိုးမြေများ ရေရှည်ကောင်းမွန်လာမည်ဖြစ်ပြီး သီးနှံများမှာလည်း ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ ဖြစ်လာနိုင်ကြောင်း။


တောင်သူများ လိုအပ်သည့် မျိုးစပါး၊ သွင်းအားစု၊ လယ်ယာသုံး စက်ကိရိယာစသည့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို သမဝါယမအသင်းများက ထောက်ပံ့ပေးပြီး ထွက်ရှိလာသည့် သီးနှံများကို ကာလပေါက်ဈေးဖြင့် ဝယ်ယူဆောင်ရွက်ပေးခြင်းဖြင့် အသင်းသားတောင်သူများ၏ အခက်အခဲ များကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆင်းသုခစပါးမျိုးနှင့် သဘာဝမြေဩဇာများကို ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း အမှုဆောင်များထံသို့လည်းကောင်း၊ ဒုတိယဝန်ကြီးက စံပြကျေးရွာ (၃)ရွာအတွက် ဒေဒေါင်းလယ်ယာသုံးစက်ကိရိယာ (၃)စီးကို ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစုဥက္ကဋ္ဌထံသို့ လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေဒေါင်းလယ်ယာသုံး စက်ကိရိယာ (၁၀)စီးကို ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရီမြို့နယ်တို့မှ သမဝါယ မအသင်း သားများထံလည်းကောင်း ပေးအပ်သည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သမဝါယမအသင်းသား တောင်သူ များထံ ပေးအပ်သည့် ဒေဒေါင်းထွန်စက်များကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဇေယျာသမဝါယမအသင်းမှ ဆောင်ရွက် နေသည့် စပါးမျိုးခင်းများသို့ သွားရောက်၍ သဘာဝမြေဩဇာများ ကြဲပက်စိုက်ထည့်နေမှုကို ကြည့်ရှု အားပေးသည်။


အဆိုပါအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ သမဝါယမအသင်းအမှုဆောင်များ၊ သမဝါယမအသင်းသားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး သမဝါယမအသင်းသားများထံသို့ ထွန်စက် (၁၂) စီး၊ ရိတ်သိမ်း ခြွေလှေ့စက် (၃) စီး၊ ဆင်းသုခမျိုးစပါးတင်း ၂၅၀ နှင့် စမ်းဝတီသဘာဝမြေဩဇာအိတ် ပေါင်း ၉၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)