MNP - ဇူလှိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့ မြို့တော် ခန်းမကြီးတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့တော်ခန်းမ မုဒ်ဦးရှေ့တွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဒုတိယ ဗိုလ်မှူးကြီး နေလင်းအောင်၊ အဖွဲ့ဝင် ၂ ရဲမှူး နေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ် များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရေးတို့အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ မြန်မာရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက် အစဉ်အလာများနှင့် မျိုးရိုးဂုဏ်ရှိန်၊ ဇာတိသွေး၊ ဇာတိမာန်တို့ကို ပိုမိုမြင့်မား တင့်တယ်စေရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ သည်။
ယင်းနောက် ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အဆို ဘာသာရပ်တွင် ၁၉ ဦး ၊ အက ဘာသာရပ်တွင် ၂၂ ဦး၊ အရေး ဘာသာရပ်တွင် ၁ ဦး၊ အတီး ဘာသာရပ်တွင် ၃၃ ဦးနှင့် ငါးပါဒအက္ခရာ ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၁ ဦး ၊ စုစုပေါင်း ခရိုင်အဆင့် ပြိုင်ပွဲတွင် ၉၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment