MNP - ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေ ပြည်သူများ လူမှုဘဝတိုးတက် မြင့်မားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ဇူလိုင်(၄)ရက်မှ (၁၈) ရက်နေ့အထိ သင်တန်းကာလ(၁၅) ရက်ကြာ ခေါင်လန်ဖူးမြို့ ဂီထော့ခန်းမ၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းသို့ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ရှစ်အုပ်စု၊ ကျေးရွာပေါင်း(၁၅)ရွာမှ သင်တန်းသား (၂၅)ဦးတို့အား သင်တန်းနည်းပြ ဆရာနှစ်ဦးတို့က ဆိုင်ကယ်တစ်စီး၏ Frameပိုင်း၊ Engine ပိုင်း၊ ဝါယာရိန်းပိုင်း၊ Lighting ပိုင်းနှင့် Fuel System ပိုင်းတို့ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်အတွက် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင်သင်တန်းတွင် သင်တန်းသားများအား စာရေးကိရိယာပစ္စည်းများနှင့် သင်ထောက်ကူ ပစ္စည်းအချို့အား ထောက်ပံ့ပေးလျက်ရှိသည်။
ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခက်ခဲသော တောင်ပေါ်မြို့ဖြစ်သည်နှင့်အညီ လမ်းခရီး ကြမ်းတမ်းသောကြောင့် မော်တော်ဆိုင်ကယ်ဖြင့် သွားလာရာတွင် ယာဉ်စက်ပစ္စည်း ချို့ယွင်းမှုများကြောင့် ခရီးကြန့်ကြာမှုများ မကြာခဏကြုံတွေ့ရတတ်ပြီး အဆိုပါသင် တန်းဖွင့်လှစ်ပေးခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိ လာမည့်အပြင် လမ်းခရီးတွင် မော်တော်ဆိုင်ကယ်များ ပျက်စီးချို့ယွင်းမှုများနှင့် ကြုံတွေ့ ရပါကလည်း အဆင်ပြေချောမွေ့စွာ ကျော်လွှားနိုင်သည့် အကျိုးကျေးဇူးများရရှိ လာမည် ဖြစ်ကြောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဖုန်ကန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment