MNP - ဇူလိုင် ၁၂
ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များဖြစ်လာစေရေး၊ ကျောင်းအားကစားမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၄ နာရီတွင် အဆိုပါကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးသည်။
နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် အမျိုးသမီးဘောလုံးအသင်းများဖြစ်ကြသည့် ဗန္ဓုလအသင်းနှင့် အလောင်းဘုရားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများ ကြည့်ရှု အားပေးခဲ့ကြရာ အလောင်းဘုရားအသင်းက ဗန္ဓုလအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲ သည်။
ဆက်လက်၍ ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် ခရိုင်ပညာရေးမှူးတို့က ပထမဆုနှင့်ဒုတိယဆုရ အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် တစ်ဦး ချင်း လည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းများအတွက် ဒိုင်းဆုကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၂၃ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဘောလုံးပြိုင်ပွဲအပြင် ကျောင်းသားလူငယ်များအတွက် အားကစားပြိုင်ပွဲများကိုလအလိုက် ဘတ်စကတ်ဘော၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ရိုးရာအလှခတ်ပြခြင်း၊ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment