MNP ၊ ဇူလိုင် ၂၃
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသည် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စနစ်တကျ စိစစ်သုံးစွဲလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ရန်ပုံငွေလက်ကျန်မှာ ကျပ် ၄၉၁.၉၇၈ ဘီလီယံဖြစ်ပြီး သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်း သက်သာသော ချေးငွေများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် စိစစ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ များစွာကျဆင်းသွားပြီဖြစ်ရာ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသော နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါရန်ပုံငွေလက်ကျန်မှ ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသော စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုဆိုင်ရာလုပ်ငန်းများနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်း သက်သာသော ချေးငွေများကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် စိစစ်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment