MNP ၊ ဇူလိုင် ၅
ကညင်ချောင်းစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး (၁/၂၀၂၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကညင်ချောင်းစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင်များတက်ရောက်ကြပြီး မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့်ပါဝင်တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ကညင်ချောင်းစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနာယက၊ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယခုအစည်းအဝေးတွင် ကညင်ချောင်းစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေ များအပြင် နောင်ဆောင်ရွက်ကြရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးသွားကြရမည်ဖြစ်ကြောင်း၊ ကညင်ချောင်းစီးပွားရေးဇုန်သည် နေ့စဉ်ပြည်ပပို့ကုန်များ စဉ်ဆက်မပြတ် တင်ပို့နေရသောကြောင့် ပြည်နယ်အတွက် အားထားရသည့် ကုန်သွယ်ရေးဆိပ်ကမ်း တစ်ခုဖြစ်ကြောင်း၊ လက်ရှိအနေ အထားအရပို့ကုန် အသာစီးရပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုလည်းဖြစ် ကြောင်း၊ ကညင်ချောင်းစီးပွားရေးဇုန်၏ အဓိကအားသာချက်မှာ သင်္ဘောများအချိန်မရွေး ဆိုက်ကပ် ဝင်ထွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ကညင်ချောင်းစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ပြည်နယ်အစိုးရအဖွဲ့မှ ၆၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကဘက်မှ ၃၅ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ပြည်နယ်အစိုးရအဖွဲ့က ကျပ်သန်းပေါင်း ၂၅၀၀ ကျော် ထည့်ဝင်ဆောင်ရွက်ထားပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို ထည့်သွင်းဆောင်ရွက်ရသည့်အတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ရန်လည်း အရေးကြီးကြောင်း၊ လက်ရှိတွင် စီပွားရေးဇုန်အတွက် လိုအပ်သည့် ဆိပ်ခံတံတားများ ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် နေ့စဉ်သင်္ဘောများ ဝင်ထွက်ဆိုက်ကပ်နေပြီ ဖြစ်ကြောင်း၊ ဇုန်စတင်လည်ပတ်နိုင်ပြီဖြစ်သည့်အတွက် ဇုန်ဝန်ဆောင်ခကောက်ခံခြင်း အပါအဝင် နေ့စဉ်ဇုန်၏ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း၊ ကညင်ချောင်းစီးပွားရေးဇုန် အဝင်လမ်းကောင်းမွန်စေရန်လည်း ယခုဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စီပွားရေးဇုန် ဖွံ့ဖြိုးလာသည်နှင့်အမျှ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှ တစ်ဆင့်နိုင်ငံတော်၏ ဝင်ငွေကိုတိုးမြှင့်ရှာဖွေပေးလာနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကထားဆောင်ရွက်နေသော်လည်း ရေရှည်မျှော်မှန်းချက်အဖြစ် ဇုန်အတွင်းတွင် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အပါအဝင်အခြားထုတ်လုပ်မှုလုပ်ငန်း များကိုလည်း နေရာချထားပြီး ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ မောင်တောအခြေစိုက် ဌာနဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်းလက်ရှိလုပ်ငန်း ဆောင်ရွက်နေကြသည့် အခြေအနေများအပေါ်တွင်အခြေခံပြီး ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ယနေ့ အစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကညင်ချောင်းစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က ကညင်ချောင်းစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာ ထူးမင်းသိမ်းက ကညင်ချောင်းစီးပွားရေးဇုန်ဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကညင်ချောင်းစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိ တက်မှ တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်း ကောင်းရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသူများက ကညင်ချောင်းစီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment