MNP - ဇူလိုင် ၁၆
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးထိုးစုရပ်အဖြစ် သတ်မှတ်ထားသော အခြေခံပညာ ကျောင်းများ၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ အဆိုပါ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)ရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ ( ပုံ - နားမကြားသော ကလေးများကျောင်း (ရန်ကုန်)ရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေစဉ် )
အဆိုပါ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)ရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်း အပါအဝင်လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က အသက်(၁၂)နှစ်နှင့် အထက် အခြေခံပညာအဆင့် ကျောင်းသား/သူ (၁၂)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လည်း အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၂၀)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံ ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သတင်းရသည်။
သတင်း - နိုင်လင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment