ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဘူးသီးတောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဘူးသီးတောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်







MNP - ဇူလိုင်  ၁၄


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အေးစေတီ ဘုန်းတော်ကြီးကျောင်း၌ ဘူးသီးတောင်မြို့နယ်ရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအား ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် မြို့နယ် သြဝါဒါစရိယ အေးစေတီ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘန္ဒန္တသောမထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မိတ္တသုတ်ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်  တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီနှင့် ဆေးများ ဆက်ကပ်လှူဒါန်းကြပြီး ဘူးသီးတောင်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သာသနာ့ဓဇဓမ္မာ စရိယ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော် ဘန္ဒန္တဝါရိန္ဒထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့၊ ရွှေဗိမာန်ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဝါယမအား ဖူးမြော်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း၊ အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ အမှတ်(၁)အခြေခံပညာကျောင်းသို့ လည်းကောင်း သွားရောက်ပြီး အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနေမှုအား လှည့်လည်ကြည့်ရှူအားပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းဆောင်အတွင်း လှည့်လည် ကြည့်ရှုကြပြီး ကျောင်းအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်သော မိုးစပါး၊ မျိုးစေ့ထုတ် စိုက် ခင်းနှင့် စံပြစိုက်ကွက်များ ဆောင်ရွက်သည့် အကျိုးဆောင် တောင်သူများအား ဓာတ်မြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့က မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးကြကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းမြင့်က စံပြကွက် စိုက်ပျိုးတောင်သူများအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  တောင်သူဦးကြီးများနှင့်အတူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူပညာပေး စူပါအီးအမ်ဘိုကာရှီ ပြုလုပ်နည်း လက်တွေ့ သရုပ်ပြသမှုကို ကြည့်ရှု အားပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် ပန်းဇင်းချောင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန်းဇင်းချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ ပြုလုပ်သော ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြားကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းရင်းသားရိုးရာဝတ်စုံများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံး ဗလာစာအုပ်များကို ထောက်ပံ့ပေးကြပြီး မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)