ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဝေဘာဂီအထူးကုဆေးရုံကြီး၏ သုံးထပ်ဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဝေဘာဂီအထူးကုဆေးရုံကြီး၏ သုံးထပ်ဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး



MNP ၊ ဇူလိုင် ၁၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် (၁၈)ရက် နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် Asia World ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းထားသည့် ခုတင်-၁၂၀ ဆံ့ သုံးထပ်လူနာဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု၍ လူနာဆောင်အသုံးပြုနိုင်ရေးနှင့် ကူးစက်မြန်ရောဂါလူနာများ ထားရှိနိုင်ရေးတို့အတွက် မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါသုံးထပ်လူနာဆောင်သစ်ရှိ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာတွင် Asia World ကုမ္ပဏီမှ အဆောက်အဦဆောက်လုပ်မှုအပိုင်း၊ လူနာခန်းများပြင်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦ၏ ရေ၊ မီး၊ လျှပ်စစ်နှင့် မီးသတ်စနစ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်းပေး၍ ယခုသုံးထပ်လူနာဆောင်သစ်တွင် လူ့နာများထားရှိနိုင်ရေးအတွက် အဆောက်အဦပြင်ဆင်ထား ရှိမှုအပိုင်း ပြည့်စုံစွာဆောင်ရွက်ထားပြီး Solar ဖြင့် မီးပေးစနစ်၊ Wifi စနစ် စသည်ဖြင့် ပြည့်စုံစွာ ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီးကို National Center for Infectious Diseases အဖြစ် တည်ထောင်နိုင်ရေး မျှော်မှန်းထားရှိရာ ရေရှည်တွင် ကူးစက်မြန်ရောဂါလူနာများ အဓိကတက်ရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီဆေးရုံအဖြစ် စံနမူနာပြဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများနှင့် ဝန်ထမ်းများကို တစ်ဆင့်ချင်း ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် ရေရှည်ကောင်းမွန်အောင် အဆောက်အဦပြင်ဆင်ထိန်းသိမ်းခြင်းကို ပုံမှန်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Negative Pressure ဖြင့် လူနာများထားရှိနိုင်မည့် သီးသန့်ခန်း(Isolation room) များ၊ အထူးခန်းများ၊ အထူးကြပ်မတ်ကုသဌာနများ (Intensive Care Unit and High Dependency Unit)များ၊ အဆောက်အဦတွင် တပ်ဆင်ထားသည့် Wifi စနစ်၊ လူနာများအတွက် ရုပ်မြင်သံကြားလိုင်းများ ကြည့်ရှုနိုင်မည့်စနစ်၊ လူနာခန်းများနှင့် ဆရာဝန်ခန်းများ ဆက်သွယ်နိုင်ရန်အတွက် အင်တာကွန်းစနစ် တပ်ဆင်နေမှု အခြေအနေ၊ Solar ဖြင့် မီးပေးစနစ်နှင့် Transformer တို့ကို ကြည့်ရှု၍ ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံ (Oxygen plant)နှင့် ရေသန့်စင်စက် (Water treatment system)၊ လူနာများစိတ်ချမ်းသာစွာအနားယူနိုင်ရေးအတွက် မြေယာရှုခင်း(landscaping) ပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ သည်။

ယခုဆောက်လုပ်လျက်ရှိသည် ဝေဘာဂီအထူးကုဆေးရုံကြီး၏ သုံးထပ်ဆောင်သစ်သည် လျှပ်စစ်မီးသုံးစွဲမှုသက်သာစေရန် Solar ဖြင့် မီးပေးစနစ် ထည့်သွင်းတည်ဆောက်ထားသည့် နိုင်ငံတကာအဆင့်မီဆေးရုံကြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)