သိန္နီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - ဇူလိုင်   ၃၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ အနာဂါတ်တွင် လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးရေး၊ လူငယ်များယဉ်ကျေးလိမ္မာ၍ ဘက်စုံထူးချွန်စေရန်၊ နိုင်ငံတော်တည်ဆောက်ရာတွင် အားကိုးအားပြုရသော လူကောင်းလူချွန်များ ပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို သိန္နီမြို့၊  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က သွားရောက်ဟောပြောခဲ့သည်။


ထိုသို့ဟောပြောရာတွင် သိန္နီမြို့၊ ပညာရေးမှူး ဒေါ်သူဇာအေးက ဆွေးနွေးရာတွင် “ကျောင်းသား လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေး၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် အဟာရဖြစ်စေ သော အစားအစာများ စားသုံးခြင်းအကြောင်း၊ လူကြီးမိဘများနှင့် ဆရာ၊ ဆရာမများအား ရိုသေ လေးစားတတ်သော လူကောင်းလူချွန်များအကြောင်း၊ ကျောင်းသားလူငယ်အချင်းချင်း ရိုင်းပင်း ကူညီရမည့်အကြောင်း” ဆွေးနွေးဟောပြောသည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လူငယ်နှင့် အသိပညာခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်နှင့်အညီ အသိပညာ၊ အတတ်ပညာ၊ နည်း ပညာများကို  အစဉ်အမြဲလေ့လာသင်ယူ ရမည်ဖြစ်ကြောင်း၊ ပညာသင်ကြားနေသော ကျောင်းသားလူငယ်များအနေဖြင့် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူရမည်ဖြစ်ကြောင်း၊ တိုးတက်နေသော နိုင်ငံများတွင် အတတ်ပညာရှင်၊ နည်းပညာရှင်၊ အသိပညာရှင်များ များပြားသဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်မှုကို များစွာအထောက်အကူပြုကြောင်း၊ ကျောင်းသားလူငယ်များ အနေဖြင့်လည်း အတန်း ပညာများကို ဆုံးခန်းတိုင်အောင် သင်ယူ၍ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော လူကောင်းလူချွန်များ ဖြစ်လာစေရန်” ဆွေးနွေး ဟောပြောခဲ့သည်။


ထို့နောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပပဝင်းက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “ယနေ့လူငယ်များသည် ကိုယ်ကာယဖွံ့ဖြိုးတိုးတက်ရန်အတွက် အားကစားများကို မိမိတို့ဝါသနာပါသည့်အလျောက် ကစားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ကျောင်းသားလူငယ်များအတွက် ကျောင်းပညာရေးနှင့်အတူ အားကစားများကို ဘာသာ ရပ် တစ်ခုအနေဖြင့်သင်ကြားပို့ချလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားနည်းများကို ကစားသင့်ပါကြောင်း၊ အခြေခံကျောင်းများမှ အားကစားနည်းများတွင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံ့လက်ရွေးစင် အားက စားသမားများအဖြစ် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း” ဟောပြောသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - စောဥမ္မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)