ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငါးသိုင်းချောင်းမြို့၊ ငဝန်ရေကာတာ၌ မိုးရာသီရေဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငါးသိုင်းချောင်းမြို့၊ ငဝန်ရေကာတာ၌ မိုးရာသီရေဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအား ကြည့်ရှုအားပေး





MNP ၊ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ငဝန်ရေကာတာ၊ တာမိုင်(၄၆) ဗောဓိရေကင်းစခန်းအနီးသို့ ရောက်ရှိခဲ့ပြီး မြစ်ရေအခြေအနေ၊ ရေကာတာ ကြံ့ခိုင်မှုအခြေ အနေနှင့် မိုးရာသီရေဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေကာတာရှိ ယာယီရှင်းလင်းဆောင်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီရေဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနား အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ငဝန်မြစ်ရေအခြေအနေ၊ ရေကာတာကြံ့ခိုင်မှုအခြေအနေ၊ တာတမံ ထိန်းသိမ်းစောင့်ရှောက်မှုနည်းလမ်းများနှင့် မိုးရာသီရေဘေး ကြိုတင်ကာကွယ်ရေး အစီအမံများ၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့ပြီး ဝန်ကြီးချုပ်က ငါးသိုင်းချောင်းမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံသို့ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အစီအစဉ်အရ လွှင့်ထူရမည့် အချက်ပြ အလံများအား ပေးအပ်ခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကာတာ၌ တာထိပ်ပေါ်ရေကျော်ခြင်း၊ တာအိခြင်း၊ ရေပေါက် (ထူးပေါက်) ပေါက်ခြင်း၊ သဲဗွက်ထခြင်း၊ လှိုင်းပုတ်ခြင်း၊ ကမ်းပြိုခြင်းနှင့် ရေစိမ့်ခြင်း အခြေအနေများကို ပြုပြင်ထိန်းသိမ်းခြင်းနည်းလမ်းများ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်အခြေအနေအတွက် လုပ်ငန်းခွင်သုံးပစ္စည်း၊ လူအင်အားကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုစသည်တို့ကို သက်ဆိုင်ရာ ဆည်/ရေဦးစီးဌာနက လက်တွေ့သရုပ်ပြ ရှင်းလင်းတင်ပြ ခြင်းနှင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ သဘာဝဘေးရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ အရေးပေါ်အခြေအနေ ရှာဖွေ ကယ်ဆယ်ရေးအတွက် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် မြို့နယ်ဆည်/ရေဦးစီးဌာန၏ တိုင်းထွာချက်အရ ရေကာတာစိုးရိမ်ရေ အမှတ်အောက်(၂၇ဒဿမ၃၅)ပေသို့ ရောက်ရှိနေသဖြင့် မြစ်ရေအနည်းငယ် ကျဆင်းလျက်ရှိပြီး ရေကာတာကြံ့ခိုင်မှု အခြေအနေဆက်လက်ကောင်းမွန်ရေးနှင့် ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


သတင်း - စိုးမင်းဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)