MNP - ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျက ကျောင်းသား၊ကျောင်းလူ လူငယ် မောင်မယ်များအနေဖြင့် မိမိတို့ နေ့စဉ်နှင့်အမျှ စားသုံးနေကြသော အစားအစာများထဲတွင် အာဟာရ အုပ်စု(၃)မျိုးကို နေ့စဉ်ပါဝင်အောင် စားသုံးပေးသင့်ကြောင်း၊ ကြီးထွားစေသော အာဟာရအုပ်စုတွင် အသားအမျိုးမျိုး၊ ငါးနှင့်ပဲအမျိုးမျိုးတို့ပါဝင်ကြောင်း၊ အင်အားဖြစ်စေသော အာဟာရအုပ်စုတွင် ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီ၊ အာလူးနှင့် ကန်စွန်းဥတို့ပါဝင်ကြောင်း၊ ရောဂါကိုကာကွယ်ပေးသော အာဟာရအုပ်စုတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ပါဝင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရန်အတွက် အာဟာရကိုမျှတစွာ စားသုံးရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ အာဟာရစုံလင်စွာ စားသုံးပေးခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ အင်အားပြည့်ဝခြင်း၊ အာဟာရပြည့်ဝခြင်း၊ ရောဂါကွယ်ခြင်းစသော အကျိုးကျေးဇူးများကိုရရှိ၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - စောဥမ္မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment