MNP - ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်−၁၉ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို သိန္နီမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က အသက်(၁၈)နှစ်နှင့် အထက်ရှိ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံ ပေးခဲ့သည်။
ထိုသို့ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးရာတွင် ဆေးတစ်လုံးလျှင် (၁၀)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး ယမန်နေ့က လူဦးရေ(၅၀)ဦးအား ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မိုးအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက် သိန္နီမြို့သာသနာ့ဗိမာန်တော်ကြီးတွင်လည်းကောင်း၊ ဆေးထိုးစုရပ်များတွင်လည်းကောင်း၊ နယ်လှည့်စနစ်ဖြင့်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
သတင်း - စောဥမ္မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment