MNP ၊ ဇူလိုင် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာနှင့် သီရိမင်္ဂလာကျေးရွာတို့ရှိ တောင်သူများ၏ စိုက်ပျိုးမြေ ဧက ၂၁၀ အကျိုးပြုနိုင်မည့် ဝက္ကသေး ကျေးလက်ကုန်ထုတ်လမ်း အရှည်နှစ်မိုင် တစ်ဖာလုံ ဖောက်လုပ်နေမှုနှင့် ကုန်ထုတ်လမ်းပေါ်ရှိ ဆက်စပ်ကုန်ထုတ်တံတားများ တည်ဆောက်နေမှုကိုလည်းကောင်း၊ တောင်တွင်းကြီး-အောင်လံ ကားလမ်းမကြီးမှ အရှည်ရှစ်မိုင်လေးဖာလုံ၊ ကျေးရွာ ခြောက်ရွာရှိ လူဦးရေ ၆၅၀၀ ကျော် ဖြတ်သန်းသွားလာ အသုံးပြုသည့် လက်တက်-ပေပင်ယား-ကျောင်းတော်ရာ- ယာကြီးတော ကျေးရွာချင်းဆက်လမ်း လမ်းပိုင်းအလိုက် ကျောက်ချော၊ မြေနီကျောက်စရစ်၊ မြေသား ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်လံမြို့နယ် မင်းကန်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဘက်စုံသုံးခန်းမ အလျား ပေ ၆၀၊ အနံ ပေ ၃၀၊ အမြင့် ၁၁ ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာသားများအနေဖြင့် မိမိတို့၏ ကျေးရွာလိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း၊ ကျေးရွာ၏ တင်ပြချက်များအနက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး ကျေးရွာ၏ အခြေခံအဆောက်အအုံလိုအပ်ချက်များ၊ မိသားစုဝင်ငွေတိုးပွားရေး လိုအပ်ချက်များ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အောင်လံမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည့်မြို့ရှိ သီရိခေတ္တရာ ခန်းမတွင်ကျင်းပသည့် နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ပေးရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်၍ ကျေးရွာသူကျေးရွာသားများအနေဖြင့် စီမံကိန်း ရန်ပုံငွေများ စနစ်တကျ အကျိုးရှိစွာအသုံးချ ကြစေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းများ ပိုမိုအောင်မြင်အကျိုးရှိစေရန် တာဝန်ရှိသူဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများမှ တာဝန်ယူမှု တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ် ခြောက်မြို့နယ်မှ ကျေးရွာ ၈၉ ရွာ စီမံကိန်းရန်ပုံငွေပေါင်း ငွေကျပ်သိန်း ၉၁၀၀ ကို သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ကာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းသူများမှ ဆပ်ပြာချက် သရုပ်ပြဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment