MNP - ဇူလိုင် ၁၄
ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုနှင့် လူဦးရေစာရင်း(ပုံစံ ၆၆/ -၆) ပါအချက်အလက်များအား Data Base ရေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ များနှင့် ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲစာရင်းများ တိကျမှန်ကန်စေရေး၊ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ရမည့်သူများ စနစ်တကျ ဆောင်ရွက်ပေးရေးတို့သည် လွန်စွာအရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်နယ်သူ၊ ပြည်နယ်သားများနှင့် မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အိမ်ထောင်စုနှင့် လူဦးရေစာရင်း (ပုံစံ ၆၆/၆) များ တိုက်ဆိုင်စိစစ် စာရင်းရေးသွင်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အိမ်ထောင်စုနှင့်လူဦးရေစာရင်း (ပုံစံ ၆၆/၆) ပါ အချက် အလက်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် Data Base ရေးသွင်းဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် ကွန်ပျူတာလိုအပ်ချက်များ၊ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့အား စာရင်းရေး သွင်းခြင်းဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ် အတွင်းရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ စာရင်းရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရ အဖွဲ့ရုံး မေခခန်းမ၌ ကွန်ပျူတာအလုံး (၈၀)စုံ တပ်ဆင် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်မီးသွယ်တန်း ပေးနိုင်ရေး၊ အင်တာနက်တပ်ဆင်နိုင်ရေးစသည့် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment