MNP - ဇူလိုင် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြု ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က နမ္မတူမြို့နယ် ကချင် (IDP)စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က အမှာစကားပြောကြားပြီး၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်က သတိပြုစရာ ကျွဲ၊ နွားအရေးပြားအကျိတ်နာရောဂါ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံ၊ ရောဂါကာကွယ်ရန်နည်းလမ်းများ၊ ဝက်များတွင် ဖြစ်ပွားတတ်သည့် အာဖရိကအပြင်းဖျားဝက်ရောဂါ ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရန်နှင့် ကုသရန်နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့အပြင် နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့ အထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်အဖြစ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်သတိပေးဆိုင်းပုဒ်များ စိုက်ထူခြင်းလုပ်ငန်းများအား အရေးပေါ်တုံ့ပြန်ရေး အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်ထံက သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment