MNP - သြဂုတ် ၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (ကော့သောင်း) မှ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ကျင်းပရာ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။
သင်တန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၁/၂၀၂၂) ဖြင့် ပြင်ဆင်ရေးဆွဲပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအသစ်အား လေ့လာသိရှိနိုင်ရန် ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ရပ်မိရပ်ဖများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၊ ရပ်/ကျေးမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့ဝင်များအား လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ အခြေခံကျသည့် ရပ်ရွာများမှတစ်ဆင့် လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ရန်နှင့် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းများအား စနစ်တကျအသုံးပြုတတ်ကြစေရန် ရည်ရွယ်ကာ သင်တန်းကာလ (၃) ရက်တာ ရက်တိုသင်တန်းအဖြစ် ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဆိုင်ရာများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုအခြေအနေများ၊ အခြေခံကျသည့် ရပ်ရွာများအတွင်း လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ ဖြည့်သွင်းမှုဘာသာရပ်များကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု/စိတ်များမှ သင်တန်းနည်းပြများက လူကုန်ကူးမှု ဖြစ်စဉ်ဖြစ်ပွားမှုများပြားရာ ဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တို့တွင် ဦးစားပေးအဆင့်အနေဖြင့် စတင်ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်းလည်း သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment