MNP - ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အခြေခံလူဦးရေစာရင်းများ မှန်ကန်စေရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တိုက်နယ်မှူးများတက်ရောက်ကြပြီး ရှေ့ဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ နိုင်ကတ်ထပ်နေသူများမရှိစေရေး၊ မွေးသက္ကရာဇ် မှန်ကန်မှုရှိစေရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှစ်ကြိမ်၊ သုံးကြိမ်ထပ်နေသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအပေါ် စိစစ်ဆောင်ရွက်သွားရန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) များအား e-ID Biographic Registration System Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေအား သေချာစွာစိစစ်ကြီးကြပ်ကွပ်ကဲရန်နှင့် အခြေခံမဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ နိုင်နှစ်ကြိမ်ထပ်နေသူများအား စိစစ်ရာ ၄၁၀၀ ဦး၊ နိုင်ကတ်သုံးကြိမ်ထပ်နေသူများအားစိစစ်ရာ ၂၂ ဦး၊ နိုင်ကတ်မရှိသူ ၁၈ နှစ်အထက် ၆၅ ဦးရှိကြောင်းစိစစ်တွေ့ရှိရပြီး၊ ဝါးခယ်မမြို့နယ်အနေဖြင့် (ပုံစံ ၆၆/၆) များအား e-ID Biographic Registration System Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေအား တင်ပြရာ ဝါးခယ်မမြို့နယ်အတွင်း အိမ်ထောင်စု ၈၁၅၃၆ စုရှိပြီး ဇူလိုင်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ အိမ်ထောင်စု ၆၄၆၇ စုအားထည့်သွင်းဆောင်ရွက်ရာ ရာခိုင်နှုန်းအနေဖြင့် ၇ ဒသမ ၉၄ ရာခိုင်နှုန်းပြီးစီးကြောင်းနှင့် (၁၈-၇-၂၀၂၂) ရက်နေ့မှ (၁၈-၉-၂၀၂၂) ရက်နေ့အထိ ရက်ပေါင်း (၆၀) ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိအခြေအနေမှာ User Account တစ်ခုလျှင် စက်(၂)လုံး၊ User Account (၄)ခု ချထားပေးသဖြင့် စက် (၈)လုံးဖြင့်သာ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment