MNP - သြဂုတ် ၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာတောင်ဘက် ဆင်တဲတံတားအနီး ရွှေညောင်-ရပ်စောက်လမ်း-အင်တော၊ ကျောက်ဂူ၊ နောင်ချိုလမ်း သွားကားလမ်းပေါ်ရှိ အနိမ့်ပိုင်းနေရာဖြစ်သော မိုင်တိုင် (၁၀/၆) နှင့် (၁၁/ဝ) အကြားတွင် အထက်ပိုင်းဒေသများဖြစ်သည့် ရပ်စောက်၊ ပင်ဖြစ်၊ ကျောက်နီ၊ ရေပူစသည့်နေရာများ၌ ယမန်နေ့ည ၁၀ နာရီခန့်က မိုးသီးထန်စွာ ရွာသွန်းခဲ့မှုကြောင့် နမ့်လတ်ချောင်း ရေမြင့်တက်ကာ ရေကြီးရေလျှံဖြစ်ပြီး ကားလမ်းပေါ်သို့ ရေအမြင့် (၄) ပေခန့် မြင့်တက်ခဲ့ရာမှ ယနေ့နံနက် ၇ နာရီအချိန်တွင် တိုင်းထွာချက် အရအမြင့် (၁.၅) ပေခန့်သာ ရှိတော့ကြောင်း သိရသည်။
ယခုအခါ အဆိုပါလမ်းပေါ်သို့ ကားကြီးများ သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် ကားငယ်များမှာ နန်းလတ်စိုက်ခင်းအရှေ့မှ ရှောင်လမ်းအဖြစ် ဖောက်လုပ်ထားသည့် မြေသားလမ်းမှတစ်ဆင့် ရွှေညောင်-ရပ်စောက်သွား ကားလမ်းမကြီးပေါ်သို့ ရှောင်ကွင်း၍ သွားလာလျက်ရှိကြောင်းနှင့် ထူးခြားမှုမရှိကြောင်း၊ အဆိုပါနေရာမှာ နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလများတွင် အထက်ဖော်ပြပါ အထက်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပါက နမ့်လတ်ချောင်း ရေလျံကာ ကားလမ်းပေါ်သို့ ရေများတက်ရောက်လေ့ရှိသည့် နေရာဖြစ်ကြောင်းနှင့် အဆိုပါနေရာအား လာမည့်ပွင့်လင်းရာသီတွင် လမ်းတာဘောင်မြှင့်တင်ခြင်းနှင့် လိုအပ်သောရေထုတ်ပြွန်များ တည်ဆောက်သွားရန် သက်ဆိုင်ရာ BOT ကုမ္ပဏီမှ စီမံထားရှိကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment