ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး သက်ကြီးများ ပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး သက်ကြီးများ ပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်

 



MNP - သြဂုတ်   ၅


ကချင်ပြည်နယ်အတွင်းရှိ သက်ကြီးဘိုး/ဘွားများအား ကူညီစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး သက်ကြီးများ ပါဝင်သည့် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်း၍ ကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ပြည်နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။


အဆိုပါ လူမှုအားမာန်အဖွဲ့များအနေဖြင့် တက်ကြွစွာ ပါဝင်နိုင်သည့် သက်ကြီးများ ဦးဆောင်၍ အသက် ၅၅ နှစ်နှင့်အထက် သက်ကြီး (၇၀) ရာခိုင်နှုန်း၊ လူငယ်လူလတ်ပိုင်း ၃၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်းနှင့် မသန်စွမ်းသူများနှင့် အခြားထိခိုင်လွယ်သူများဖြင့် ပါဝင်ဖွဲ့စည်း၍ သက်ကြီးဘိုး/ဘွားများအတွက် ကျန်းမာရေးနှင့်ပြုစုစောင့်ရှောက်ရေး၊ အသက်မွေးဝမ်းကြောင်း၊ လူမှုဝန်ထမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း ကဏ္ဍ(၃)ရပ်ဖြင့် မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး  ဦးသန်းအောင်က ရှင်းလင်းပြောပြသည်။


ထို့အပြင် လူမှုအားမာန်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပြီးစီးပါက သက်ကြီးဘိုး/ဘွားများအပြင် မသန်စွမ်း သူများပါ လူမှုရေးလုပ်ငန်းများတွင် ပါဝင်လာနိုင်ပြီး ရပ်/ရွာအတွင်းထိခိုက်လွယ်သူများအား ကူညီစောင့်ရှောက်သင့်သည်ဟူသော အသိရှိလာခြင်း၊ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်‌ရှောက် မှုပေးနိုင်ခြင်းစသည့် အပြောင်းအလဲများဖြစ်ပေါ်လာပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏ အကျိုးကျေးဇူးကို လူထုသိရှိလာနိုင်ကြောင်းနှင့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့်အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးခြင်း၊ ရန်ပုံငွေ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် ရပ်/ရွာအတွင်း ထိခိုက်လွယ်သူများ၏ လိုအပ်ချက်များကို ဖော်ထုတ်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်ရေးဆွဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ကော်မတီ အဖွဲ့ဝင်များက လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကနဦးအနေဖြင့် လူမှုအားမာန် အဖွဲ့များကို မြစ်ကြီးနားမြို့နယ်အတွင်း (၃)ဖွဲ့၊ ဝိုင်းမော်မြို့နယ်တွင် (၁)ဖွဲ့ လျာထားဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)